၁၇. ၁၀. ၂၀၂၂
Written by Hey Mar
ရန်ကုန်မြို့ရှိ စက်မှုဇုန်မြေကွက်များ စျေးတက်နေသော်လည်း အရောင်းအဝယ်မှာမူ အေးစက်နေသည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်အချို့ထံမှ စုံစမ်း သိရသည်။
ယခင်က ရန်ကုန်တွင် ဈေးအမြင့်ဆုံးနှင့် အတွင်ကျယ်ဆုံးလုပ်ကိုင်ရသည့် လှိုင်သာယာစက်မှုဇုန်ရှိ ပေတစ်ရာပတ်လည် မြေကွက် တစ်ကွက် ကျပ်သိန်း၁၀၀၀၀ မှ ၁၅၀၀၀ ကြား စျေးဆိုင်မှုများရှိနေသည်ဟု ရှင်းရီမြန်မာ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှ တာဝန်ရှိသူ ကိုလွင်အောင်က ပြောသည်။
လှိုင်သာယာစက်မှုဇုန်အတွင်း အငှားဈေးကွက်မှာ သိသိသာသာကို ငှားရမ်းသူနည်းပါးနေသည်ဟုလည်း ဆိုသည်။ ယခင်ဂိုထောင်အငှားရရန် မလွယ်ကူသည့် ဇုန် အပိုင်း ၁၊ ၂၊ ၃ ကဲ့သို့ နေရာများပင် ဂိုထောင်အလွတ် ၁၅ ရာခိုင်နှုန်းခန့်ရှိနေသည်ဟု သိရသည်။
လှိုင်သာယာစက်မှုဇုန်သည် ပြည်ပမှရင်းနှီးမြှပ်နှံမှုအများဆုံး ဇုန်တစ်ခုဖြစ်ပြီး တရုတ်လုပ်ငန်းရှင်များပြားသည်။ နှစ်သစ်ကူး ကာလ လုပ်ငန်းရှင်များ ၊ ဝန်ထမ်းများ တရုတ်ပြည်ပြန်ကြပြီးနောက်ပိုင်း ကိုဗစ်ကပ်ရောဂါကြောင့် ပြန်မလာနိုင်ကြတော့ဘဲ မြန်မာပြည်ရှိ လုပ်ငန်းများကို ပိတ်သိမ်းခြင်း ပြန်လည်ရောင်းချခြင်းများရှိနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုအရ သိရသည်။
ရှင်းရီမြန်မာအိမ်ခြံမြေ အကျိုးဆောင်မှ ကိုလွင်အောင်က “ ကိုဗစ်ကာလနဲ့ရော လတ်တလော နိုင်ငံ့အခြေ အနေတွေနဲ့ရော သက်ဆိုင်ပါတယ်။ ဒီမှာ တရုတ်က လာပြီး ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်များတယ်။ နှစ်သစ်ကူးကာလမှာ သူတို့ပြန်ကြတယ်။ ဟိုမှာ ကိုဗစ်ဖြစ်နေတော့ ပြန်လာလို့မရဘူး။ အလုပ်အကိုင်တွေလည်း ကူးလူးခွင့်မပေးတော့ ရပ်ကုန်တယ်။ အဲဒီမှာ ပြန်ရောင်းတာတွေ၊ ဂိုထောင်ပြန်အပ်တာတွေ ဖြစ်လာတာပေါ့။ ရန်ကုန်မှာရှိတဲ့ ဇုန်တွေက ကုမ္ပဏီအကြီးအသေး လုပ်ငန်းတစ်ထောင်ကျော်လောက် ပိတ်သွားတာ “ ဟု ပြောသည်။
လှိုင်သာယာစက်မှုဇုန်သည် ရန်ကုန်တိုင်းတွင်းရှိ ဇုန်ပေါင်း ၂၉ ဇုန်အနက် ဈေးအမြင့်ဆုံး မြေဈေးနှင့် ငှားရမ်းခ နှုန်းလည်း အမြင့်ဆုံးဖြစ်သည်။ ဇုန် ၁၊ ၂၊ ၃ အတွင်းရှိ ဂိုထောင် ငှားရမ်းခနှုန်းထားများမှာ ယခင်က တစ်ပေကို ကျပ် ၄၅၀ နှင့် အထက်နှုန်းသာရှိခဲ့ရာမှ ယခု ဆိုလျှင် ကျပ် ၃၅၀ မှ ၃၀၀ အတွင်း ကျဆင်းလာနေသည်မှာ ၂ နှစ် ဝန်းကျင်ခန့်ရှိပြီဟု သိရသည်။
တချို့လုပ်ငန်းရှင်များကလည်း အသုံးစရိတ်လျှော့ချသည့် အနေဖြင့် ယခင်ငှားရမ်းထားသော နေရာမှ ဂိုထောင်များကို ပြန်အပ်ကာ ဈေးသက်သာသည့် ဇုန်များမှ ဂိုထောင်များကို ပြန်လည်ရှာဖွေလာကြသည်လည်း ရှိသည်။ အငှားအဖြစ်များဆုံး ဇုန်များမှာ မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာစက်မှုဇုန်နှင့်၊ ရွှေပြည်သာမြို့နယ်ရှိ သာဓုကန် စက်မှုဇုန်တို့ဖြစ်သည်။ ထိုဇုန်များ ဂိုထောင်ငှားရမ်းရသည့် လုပ်ငန်းအများစုမှာ စားသောက်ကုန်ခြောက်နှင့် လူသုံးဆေးဝါးလုပ်ငန်းတွေများသည်ဟု မိုးမြင့်စံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ သိရသည်။
“ဇုန်မြေတွေ အရောင်းအဝယ်ကတော့ လှုပ်တယ်။ အငှားတွေကျတယ်။ လုပ်ငန်းမလုပ်နိုင်ကြတော့တာ။ မြေစျေးမှာပဲ ရင်းနှီးမြှပ်နှံမှု လုပ်နေကြတဲ့သဘောပါ”ဟု မိုးမြင့်စံ အိမ်ခြံမြေ အကျိုးဆောင်မှ တာဝန်ရှိသူ ဒေါ်မိုးမိုးက ပြောသည်။
စက်မှုဇုန်မြေနှုန်းထားများမှာ လှိုင်သာယာဇုန်မြေအရောင်း ကာလပေါက်ဈေး ဇုန်နေရာအလိုက် တစ်ဧကကျပ်သိန်းတစ်သောင်းခွဲ အမြင့်ဆုံးနှုန်းထားတွင်ရှိနေသည်။ ဂိုထောင်အငှားနှုန်းထားများမှာလည်း ပေအကျယ်အလိုက် တစ်လ ငှားရမ်းခ နှုန်းထား ကျပ် ၃၅ သိန်းမှ ကျပ်သိန်းတစ်ရာအတွင်းတွင် ရှိနေသည်ဟု သိရသည်။