MT News
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းမှုရှိသော်လည်း ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား မေလ ၂၆ ရက်တွင် ကျပ် ၃၁ သိန်းခန့်အထိရှိလာခဲ့သည်။
မေလ ၂၆ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ၁,၉၅၃ ဒေါ်လာသာရှိသော်လည်း ငွေလဲလှယ်နှုန်း တစ်ဒေါ်လာကို ၂,၉၅၀ အထိဖြစ်ပေါ်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၈၇,၀၀၀ အထိ မြင့်တက်ခဲ့သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် မေလ ၂၂ ရက်တွင် ရွှေဈေးနှုန်း ၃,၀၂၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၈ ကျပ်၊ မေလ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၃,၀၂၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၈၀ ကျပ်၊ မေလ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၃,၀၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၈၅ ကျပ်၊ မေလ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၃,၀၆၉,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၁၅ ကျပ် ဖြစ်ပေါ်ခဲ့သည်။
ဒေါ်လာစျေးများနှင့် ပတ်သက်၍ ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်၌ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုအခြေအနေများနှင့်လည်းကောင်း၊ ဘဏ်များမှ ငွေသားထုတ်ယူမှု ကန့်သတ်ချက်များရှိသည်ဟုလည်းကောင်း သတင်းများထုတ်လွှင့်၍ ငွေကြေးစနစ်မတည်ငြိမ်အောင် ဆောင်ရွက်နေမှုများနှင့် ကောလာဟလများဖြင့် ဈေးကစားခြင်းများ၊ ဈေးကွက်ပေါက်ဈေးထက် ပိုမိုရောင်းဝယ်ခြင်းများ မကြာခဏတွေ့ရသဖြင့် ယင်းကဲ့သို့ ဆောင်ရွက်မှုများတွင် ပြည်တွင်းဘဏ်များမှ ပါဝင်ပတ်သက်မှုရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း မေလ ၂၅ ရက်တွင် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ထားသည်။