MT News
Written by Ye Kyaw
ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း (Reference Exchange Rate) အား ပြောင်းလဲမည်မဟုတ်ကြောင်းနှင့် ဘဏ်များ၏ ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ (ငွေသား)ကို တိုးမြှင့်ရောင်းချပေးမည်ဖြစ်ကြောင်း မေလ ၂၆ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်သို့ USD Liquidity/ MMK Liquidity ကို ဘဏ်များမှတစ်ဆင့် ပံ့ပိုးပေးလျက် ရှိသည်။
အဆိုပါဆောင်ရွက်ချက်များအရ စီးပွားရေးလုပ်ငန်းရှင်များအကြား USD Liquidity နှင့် MMK Liquidity လိုအပ်ချက်မြင့်တက်ခြင်းကို လျှော့ချထိန်းသိမ်းနိုင်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်လျက်ရှိသည်။
သို့သော်လည်း ဝိသမလောဘသမား၊ ဈေးကစားသူအချို့က ဈေးနှုန်းကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်မည်ဖြစ်ကြောင်း မဟုတ်မမှန် ကောလာဟလများ ထုတ်လွှင့်ပြီး မသိနားမလည်သူများအား လိမ်ညာအမြတ်ထုတ်ရန် ဆောင်ရွက်နေကြောင်း ကြားသိရသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို ပြောင်းလဲရန် အစီအစဉ် မရှိသေးကြောင်း ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂,၁၀၀ သတ်မှတ်ထားသော်လည်း မေလ ၂၆ ရက် (ယနေ့)တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ကျပ် ၂,၉၆၀ အထိ မြင့်တက်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းလျက်ရှိသော်လည်း ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းခန့်အထိ မြင့်တက်ခဲ့သည်။
ပြည်တွင်းဈေးကွက်အတွင်းသို့ USD Liquidity နှင့် MMK Liquidity ပံ့ပိုးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်စေရေးအတွက် လိုအပ်သလိုပံ့ပိုးကူညီမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်တွင်းမှပြည်ပသို့ ပညာသင်သွားရောက်မည့်သူများ၊ ဆေးကုသမှုအတွက် သွားရောက်မည့်သူများ၊ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အစီအစဉ်အရ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအတွက် ဘဏ်များ၏ ငွေလဲကောင်တာများတွင် အသေးသုံး နိုင်ငံခြားငွေများတိုးမြှင့်ရောင်းချပေးရန်နှင့် နိုင်ငံတကာသုံးငွေပေးချေကတ်များဖြင့် သတ်မှတ်ပမာဏအတွင်း ရောင်းချရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မဟုတ်မမှန်သတင်းလွှင့်ပြောကြားချက်များကို ယုံကြည်ခြင်းမရှိကြရန်နှင့် မဟုတ်မမှန်သတင်းလွှင့်ပြောကြားသော ဝိသမလောဘသမားများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူသွားမည် ဖြစ်သဖြင့် မဟုတ်မမှန် သတင်းလွှင့်ပြောကြားသော ဝိသမ လောဘသမားများနှင့် ၎င်းတို့၏ ဆက်စပ်သတင်းအကြောင်းအချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် (Email: [email protected]) ထံသို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။