October 30, 2024

NUCC က တရုတ်သမ္မတထံပေးပို့ခဲ့သည့် သဝဏ်လွှာကို တွေ့ရစဥ်

၁၇. ၁၀. ၂၀၂၂

Written by Pan Ei

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ဦးဆောင်မှုဖြင့် တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအတွက် ပူးပေါင်းလုပ်ဆောင်လိုကြောင်း ဦးမင်းကိုနိုင်ဦးဆောင်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က တရုတ်သမ္မတရှီကျင့်ဖိန်ထံ သဝဏ်လွှာပေးပို့ခဲ့ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

တရုတ်၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားပြီး လက်ရှိကျင်းပနေသည့် ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားကွန်ဂရက်၏ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်ထံ NUCC က ပေးပို့သည့် သဝဏ်လွှာတွင်
မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးအတိုင်ပင်ခံကောင်စီသည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ CPC ၏ ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်၏ သမိုင်းဝင်အခမ်းအနားကို နွေးထွေးစွာ ဂုဏ်ပြုအပ်ပါသည်ဟု ဖော်ပြထားသည်။

ထို့ပြင် NUCC သည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ပြည်နယ်အခြေပြုနှင့် တိုင်းရင်းသားလူမျိုးများအခြေပြု အတိုင်ပင်ခံကောင်စီ/အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးအဖွဲ့အစည်း ၃၃ ခုမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်ဟု ရှီကျင့်ဖိန်အား မိတ်ဆက်ဖော်ပြခဲ့သည်။

ထို့ကြောင့် NUCC သည် ရာနှင့်ချီသော စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အင်အားစုများကို ကိုယ်စားပြုပြီး အင်အားစုများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်းဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် မြန်မာလူမျိုးများ၏ မျှော်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

CPC ၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် တရုတ်လူမျိုးများသည် ကြီးမားသောအခက်အခဲများကို ကျော်လွှားခဲ့ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့တွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည်။ CPC မှ တရုတ်နိုင်ငံအား သာယာဝပြောရေးနှင့် အမျိုးသားပြန်လည်ထူထောင်ရေးဆီသို့ လမ်းညွှန်ပေးသည့်အနေဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံတကာအဆင့်အတန်းနှင့် အရေးပါသော အခန်းကဏ္ဍတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင်လည်း ဆက်လက် ကျယ်ပြန့်လာခဲ့သည်။

NUCC သည် ကျွန်ုပ်တို့နှစ်နိုင်ငံကြား မိရိုးဖလာ “ပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေရန်နှင့် CPC၊ တရုတ်အစိုးရနှင့် ပြည်သူများနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ရန် အလွန်အရေးကြီးပြီး ဤပန်းတိုင်သို့ ဦးတည်ရာတွင် မြန်မာနိုင်ငံနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ပိုမိုကျယ်ပြန့်စွာ ပြန်လည်ထူထောင်နိုင်ရေးအတွက် တရုတ် – မြန်မာ အသိုက်အဝန်းကို မျှဝေခံစားပြီး အနာဂတ်ကို တည်ဆောက်ရန်အတွက် အခြေခံအုတ်မြစ်အဖြစ် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် စိတ်အားထက်သန်လျက်ရှိသည်ဟု NUCC ၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် တပ်မတော်က စစ်တန်းလျားသို့ ပြန်ရောက်သည်နှင့် ပြည်သူကို ကိုယ်စားပြုသည့် စစ်မှန်သော ပြည်ထောင်စု အစိုးရ ပေါ်ပေါက်လာနိုင်ပြီး မြန်မာလူမျိုးများကလည်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး လမ်းကြောင်းကို ဆက်လက်ရှာဖွေနိုင်ရန် ဤလူ့အဖွဲအစည်းသည် အထူးအရေးကြီးလှသည်ဟု ဖော်ပြထားသည်။ ထို့အတွက် CPC ၏ ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်သည် တရုတ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် စာမျက်နှာသစ်ဖွင့်လှစ်ရာ၌ အောင်မြင်မည်ဖြစ်ပြီး တရုတ်နိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအတွက် ဆန်းသစ်တီထွင်သော ဖြေရှင်းနည်းများကို ပံ့ပိုးကူညီရန် ပိုမိုအားကောင်းသည့်အနေအထားတွင် ရှိမည်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်ကြောင်းနှင့် NUCC အနေဖြင့် CPC ၏ 20 ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကို ပြီးပြည့်စုံအောင်မြင်ပါစေကြောင်း စိတ်ရင်းမှန်ဖြင့် ဆန္ဒပြုပါသည်ဟု NUCC ၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *