၁၇. ၁၀. ၂၀၂၂
Written by Nay Moe
SAC ၏ လခရများ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုကြောင့် တောဆင်ရိုင်းပြောက်ကျား တပ်ဖွဲ့ စခန်း ရှင်းလင်းစီးနင်းခံခဲ့ရသည်ဟု သိရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၈ရက် နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း NCO သင်တန်းကွင်းအနီး လခရများမှ ဂျက်ဖိုက်တာ ၂စီးဖြင့် ၁၅ မိနစ်ခန့် အချက်တစ်ရာခန့်ပစ်ခတ်ခဲ့သည်။ TBK တောဆင်ရိုင်း စခန်းသည်လည်း အဆိုပါသင်တန်းကွင်းနှင့် မနီးမဝေးတွင် စခန်းချနေထိုင်လျက်ရှိသည်။ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဝေဟင်မှ ပစ်ခတ်ပြီးနောက် MI35 နှစ်စီး ထပ်ရောက်လာကာ စခန်းပေါ်တွင် အဝိုင်းပတ်ပုံစံဖြင့် မိနစ် ၂၀ခန့် ပတ်ကာဝဲ၍ ဆက်လက်ပစ်ခတ်ခဲ့သည်။ ၁၀ မိနစ်ခန့် အကြာတွင် ဗိုက်ပြားလေယာဥ်နှစ်စီး ထပ်ရောက်လာကာ လခရ ခန့်မှန်းအား ၈၀ ခန့်က မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး NCO စခန်းကိုမီးရှို့ကာ စစ်ကြောင်း စတင်ထိုးခဲ့သည်။
အဆိုပါ ဖြစ်စဥ်များကြောင့် သင်တန်းကွင်းအနီးရှိ TBK တောဆင်ရိုင်းပြောက်ကျား စခန်းတည်ရှိရာကိုလည်း စစ်ကြောင်းထိုးကာ ဝင်ရောက်ရှာဖွေစီးနင်းခံခဲ့ရသည်။
“စခန်းအတွင်းရှိ ပစ္စည်းတွေဖြစ်တဲ့ ပုလဲယမ်းတစ်ပိုင်း၊ ကဒ်သီးတစ်ဖာ (၁၅၀ လုံးပါ)၊ ၆၀ မမ ပြောင်းတစ်ပြောင်း၊ ၆၀မမ ကျည်ဖူး (၁၂)ဖူး၊ ပတ်လည်မိုင်း(၂၄)လုံး၊ စလစ်မိုင်း (၃)လုံး၊ တွင်ခုံပစ္စည်း အမြောက်အများ၊ ဒီဇယ် (၁၀)ပုံး၊ ဆန် ၅ ပိုင်း ၊ စားဆီ ၂ ပုံး၊ မိုးကာ ကိုက်(၁၀၀) အလိတ်တလိတ်၊ ဆိုလာပြား ၊ ဘထ္တရီအိုးစတဲ့ပစ္စည်းများ သိမ်းဆည်းခံခဲ့ကြရပြီး ကာလတန်ကြေး သိန်း ၁၀၀ ကျော် ဝန်းကျင် ဆုံးရှုံးရပါတယ်” ဟု TBK တောဆင်ရိုင်းပြောက်ကျားအဖွဲ့က အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။
ထိုသို့ဖြစ်စဥ်တွင် TBK တောဆင်ရိုင်းပြောက်ကျားအဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပြီး၊ လက်ရှိအချိန်တွင် သပိတ်ကျင်းမြိုနယ် (ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားရဲဘော်များသည် ဝက်လက်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ရေးလုပ်ငန်းများအား အတူပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။