၂၄. ၅. ၂၀၂၃
Written by Nay Aung
အာရှတိုက်တဝှမ်းရှိ နိုင်ငံများအနက် ၁၉၇၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ရာသီဥတုဆိုးရွားမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် ရေနှင့်ပတ်သက်သော သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်သေဆုံးမှုအများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်လျက်ရှိနေကြောင်း၊ ကမ္ဘာမိုးလေဝသအဖွဲ့ World Meteorological Organization ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။
အာရှတိုက်တဝှမ်းရှိ နိုင်ငံများအနက် ၁၉၇၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ရာသီဥတု ပြောင်းလဲမှုနှင့် ရေနှင့်ပတ်သက်သော သဘာဝဘေးအန္တရာယ်များကြောင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်သေဆုံးမှုအများဆုံးနိုင်ငံများထဲတွင် တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်လျက်ရှိနေပြီး မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းတစ်ခုတည်းတွင်ပင် လူပေါင်း ၁၃၈၈၆၆ ဦးသေဆုံးထားကြောင်း ကမ္ဘ့ာမိုးလေဝသအဖွဲ့ကပြောသည်။ အိန္ဒိယနိုင်ငံသည် ၁၉၇၀ မှ ၂၀၂၁ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ သဘာဝဘေးအန္တရာယ် အကြိမ်ရေ ၅၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၃၈၃၇၇ ဦးသေဆုံးထားသလို တရုတ်နိုင်ငံကလည်း ၁၉၇၀ မှ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါသဘာဝဘေးအန္တရာယ် အကြိမ် ၇၄၀ ကြောင့် လူပေါင်း ၈၈၅၄၇ ဦးသေဆုံးထားကြောင်း ကမ္ဘာ့မိုးလေဝအဖွဲ့ကပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၁၉၇၀ မှ ၂၀၂၁ ခုနှစ်အတွင်း ရာသီဥတုဆိုးရွားမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ရေနှင့်ပတ်သတ်သော သဘာဝဘေးအန္တရာယ်များကြောင့် သဘာဝဘေးအန္တရာယ်အကြိမ်ရေ ၂၈၁ ကြိမ်ကို တွေ့ကြုံခံစားခဲ့ရပြီး လူပေါင်း ၅၂၀၇၅၈ ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသက ဆိုသည်။
လက်ရှိအချိန်တွင် နည်းပညာများမြင့်တက်လာမှုနှင့်အတူ ကြိုတင်သတိပေးစနစ်များကြောင့် လူသေဆုံးမှုအရေအတွက် လျော့နည်းခြင်းများရှိခဲ့ပြီး မကြာသေးမီကဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းတိုက်ခတ်ခဲ့တွင် ကြိုတင်သတိပေးစနစ်များကြောင့် လူသေဆုံးမှုလျော့နည်းလာခဲ့ကြောင်း ကမ္ဘာမိုးလေဝသဌာနတာဝန်ရှိသူတစ်ဦးက သုံးသပ်ထားသည်။ WMO အဖွဲ့ အထွေထွေအတွင်းရေးမှူးတစ်ဦးဖြစ်သည့် ပါမောက္ခ Petteri Taalas က ” အင်အားပြင်း မိုခါမုန်တိုင်းနဲ့ပတ်သက်ပြီး ဥပမာပေးရမှာဖြစ်တယ်။ မိုခါ မုန်တိုင်းဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို ဆိုးရွားစွာတိုက်ခတ်ခဲ့လို့ လူတွေ ဆင်းရဲဒုက္ခတွေ တွေ့ကြုံနေရတယ်။ အရင်တုန်းကဆိုရင်မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ အင်အားပြင်းမုန်တိုင်းခတ်မှုတွေကြောင့် လူထောင်ချီ သေဆုံးခဲ့ရတယ်။ ကြိုတင်သတိပေးစနစ်တွေနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုစနစ်တွေကြောင့် မိုခါမုန်တိုင်းတိုက်ခတ်ချိန်မှာ လူအများအပြား မသေဆုံးခဲ့တာမျိုးရှိခဲ့တယ်။ ကြိုတင်သတိပေးစနစ်တွေက လူတွေရဲ့အသက်ကို ကယ်တင်ပေးလိုက်တာဖြစ်ပါတယ်”ဟုဆိုသည်။
မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် အနည်းဆုံး လူပေါင်း ၁၄၅ဦး သေဆုံးထားကြောင်း သတင်းပြန်ထားသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အနည်းဆုံး လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ မိုခါမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုဖြတ်သန်းပြီး ၁၀ စုနှစ်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းများထဲတွင် အားအပြင်းဆုံးဖြစ်ခဲ့ကာ တစ်နာရီလေတိုက်နှုန်း မိုင် ၁၃၀ နှုန်းအထက်ဖြင့် တိုက်ခတ်ခဲ့ကြောင်း သိရသည်။
Ref——––WMO