MT News
Written by Ye Kyaw
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း လုပ်ပိုင်ခွင့်ရရှိထားသူများနှင့် လက်လွှဲရယူထားသူများ လုပ်ပိုင်ခွင့်ကို ပြန်လည်စိစစ်ခံရမည်ဖြစ်ပြီး တင်ပြစိစစ်ခံယူမှုမပြုလုပ်ပါက လုပ်ကိုင်ခွင့်ပြန်လည် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်မှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်တွင် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူဇုန်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ကြည့်ရှု့စစ်ဆေးစဥ် အထက်ပါအတိုင်း ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က အဓိကတော့ စိုက်စေချင်တာပေါ့။ တချို့လူတွေက မစိုက်ကြဘူး။ ကျန်နေတော့ ပြည့်ပြည့်ဝဝစိုက်ပျိုးစေချင်တာ။ တချို့က နာမည်တွေက ပြောင်းနေပြီ ၁၉၉၉ ခုနှစ်ကတည်းကဆိုတော့ နာမည်ပြောင်းနေတဲ့ဟာတွေကိုလည်း ပြန်တည့်ပေးချင်တယ်။ ဆိုလိုတာ တခြားလူတွေနာမည်ပြောင်းနေပြီ ကျွန်တော်တို့ဆီမှာ အဲဒီလူနာမည်မရှိဘူး။ ကျွန်တော်တို့ လုပ်ရကိုင်ရတာ၊ ကြီးကြပ်ရတာခက်တယ်။ ဇွန် ၂၃ ရက်အထိ တစ်လပေးထားတယ်။ ဒီတစ်လအတွင်းမှာ လာပြောင်းဖို့လိုတာပေါ့ အဲဒါမှလာမပြောင်းရင် ကျွန်တော်တို့က အရေးယူမှာပေါ့။ အဓိကတော့ စိုက်စေချင်တာ။ ဒါမှဈေးနှုန်းလေးဘာလေး အဆင်ပြေသွားမှာပေါ့။ ဟိုတစ်နေ့က နိုင်ငံတော်ဝန်ကြီးချုပ်လာတုန်းက အဲဒါကို လမ်းညွှန်သွားလို့ ချက်ချင်းအကောင်အထည်ဖော်တာပါ” ဟု ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်၏ အတွင်းရေးမှူးက MT News သို့ ပြောသည်။
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားသူများသည် မူလခွင့်ပြုမိန့် အထောက်အထား စာရွက်စာတမ်းနှင့်အတူ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် လုပ်ငန်းကော်မတီသို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက် နောက်ဆုံးထားကာ ကွင်းဆင်းစစ်ဆေးမှုခံယူရန်နှင့် အခြားသူတစ်ဦးသို့ လက်လွှဲရောင်းချထားပါကလည်း ရောင်းချထားသည့် စာရွက်စာတမ်းအထောက်အထားတစ်ပါတည်း ယူဆောင်တင်ပြရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
အလားတူ မူလလုပ်ကိုင်ခွင့်ရထားသူထံမှ ဝယ်ယူ (လက်လွှဲရယူထားသူသည် ဝယ်ယူထားသည့်) ထားသူသည်လည်း အထောက်အထားစာရွက်စာတမ်းများ တစ်ပါတည်းယူဆောင်၍ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် လုပ်ငန်းကော်မတီသို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက် နောက်ဆုံးထား လာရောက်ဆက်သွယ် စစ်ဆေးမှုခံယူရန်နှင့် အထောက်အထားအပြည့်အစုံပါရှိပါက ဆက်လက် စိုက်ပျိုး၊ မွေးမြူခွင့် ရရှိရေးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
သတ်မှတ်ကာလအတွင်း လာရောက်ဆက်သွယ်နိုင်ခြင်း၊ အထောက်အထားစာရွက်စာတမ်းဖြင့် တင်ပြစိစစ်မှုခံယူခြင်းမပြုပါက လုပ်ကိုင်ခွင့်များအား ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီအစိုးရ တာဝန်ယူသည့် ၁၉၉၉ ခုနှစ်တွင် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လိုသူ စုစုပေါင်း (၁၁၉၁)ဦးအား လုပ်ကိုင်ခွင့်ပြုခဲ့ရာ တစ်ဦးချင်းကို အထူးဇုန်ကြီးကြပ်ရေးဗဟိုကော်မတီမှ လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်စာ ထုတ်ပေးဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် မြေပြင်တွင် အပြည့်အဝ အကောင်အထည်ဖော် စိုက်ပျိုးမွေးမြူခြင်းမရှိသေးသည့်အတွက် ဇုန်အနီးကပ် ကြီးကြပ်ရေးကော်မတီများမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်နေသူများတွင် အချို့သည် မူလလုပ်ကိုင်ခွင့်ပြုထားသူများ ဖြစ်သော်လည်း အချို့သည် ယခင်လုပ်ကိုင်ခွင့်ရရှိထားသူများထံမှ ဝယ်ယူ/လက်လွှဲရယူထားသူများဖြစ်ကြောင်း တွေ့ရှိကြောင်း သိရသည်။