၂၄. ၅. ၂၀၂၃
Written by Min Mahar
ဆိုင်ကယ်ဆီသွားဖြည့်သော ရဲတပ်သားတစ်ဦးအား PDF အဖွဲ့ဝင် ၅ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ပခုက္ကူမြို့နယ်တွင် ယမန်နေ့ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ သရက်တောအုပ်စု၊ ဖက်ပင်ကျေးရွာအနီး မြစ်ခြေ-ပခုက္ကူသွားကားလမ်းဘေးရှိ”သုခဆီဆိုင်”သို့ နယ်မြေရဲစခန်း(မြစ်ခြေ)မှ ရဲတပ်သားတစ်ဦးသည် မေလ ၂၃ ရက် မနက် ၉ နာရီကျော်က တစ်ဦးတည်းဆီထည့်ရန် သွားရောက်စဉ် PDF အဖွဲ့ ၅ ဦးမှ ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး သေနတ်အရှည်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားကာ မြစ်ခြေ-ကမ္မလမ်းအတိုင်း ပြန်လည်ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားသည် ဝဲဘက်ခြေသလုံး ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ဖမိုးနှင့် လက်မောင်းရင်းကို ကျည်ဖောက်ဝင်စုတ်ပြဲသွားသော ဒဏ်ရာ ၂ ချက်၊ ယာဘက်နံဘေးကိုပါ ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး မြစ်ခြေ-ပခုက္ကူသွားကားလမ်းဘေး”သုခဆီဆိုင်”အရှေ့ဘက်ပေ ၂၀၀ ခန့်အကွာရှိ အခင်းဖြစ်ပွားသည့်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်စဉ်နေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာပြီး တရားခံများဖမ်းဆီးရမိရေးအတွက် လိုက်လံ စုံစမ်းစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။