October 22, 2024

သီလဝါအကြီးစားစက်မှုဇုန်တွင်ရှိသည့် SUZUKI MYANMAR Motor စက်ရုံ

MT News

Written By A Thaung

ပြည်တွင်းတွင် လတ်တလောဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်းမတည်ငြိမ်မှုများနှင့် ဈေးကွက်လိုအပ်ချက်နည်းပါးခြင်းကြောင့် SUZUKI MYANMAR က ကားထုတ်လုပ်မှုရပ်ဆိုင်းထားပြီး ပြန်လည်ထုတ်လုပ်မည့်ရက်အား မသတ်မှတ်နိုင်သေးကြောင်း SUZUKI အရောင်းပြခန်းလုပ်ကိုင်သူများက ပြောသည်။

လက်ရှိအချိန်အထိ ကားတပ်ဆင်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းအတွက် အကြောင်းကြားထားခြင်း မရှိသေးသော်လည်း လာမည့်အပတ်တွင် အရောင်းပြခန်းကိုယ်စားလှယ်များအား အစည်းအဝေးဖိတ်ကြားထားကြောင်း SUZUKI MMM ၏ မန်နေဂျင်းဒါရိုက်တာ ဦးမင်းမင်းမောင်က ပြောသည်။

“ဆက်ထုတ်မယ်၊ မထုတ်ဘူးဆိုတာထက်စာရင် Showroom ကတော့ ပြန်မဆုတ်ဘူး။ သေချာတယ်။ လက်ရှိအခြေအနေမှာ ဒေါ်လာငွေဈေးအခြေအနေကြောင့် ခနလေးဆိုင်းငံ့ထားမယ်။ ဒါပဲ။ ကြားသလောက်ကတော့ သူတို့ပြန်မဆုတ်ပါဘူး။ သူတို့ဆက်ထုတ်မယ် မထုတ်ဘူးဆိုတာကိုတော့ အစည်းအဝေးမှာပဲ ပြောလေ့ရှိပါတယ်။ အစည်းအဝေးက နောက်အပတ်ထဲမှာရှိမယ်။ အဲဒီအချိန်ကျမှ အခြေအနေကိုသိရမယ်” ဟု ၎င်းကပြောသည်။

ဝယ်ရောင်းဈေးကွက်အတွင်း SUZUKI ကားအမျိုးအစားသုံးမျိုးဖြစ်သည့် Ertiga ၊ Ciaz နှင့် Swift များ အများအပြားရှိနေသည့်အတွက် ဈေးကွက်လိုအပ်ချက်နည်းပါးနေပြီး Truck အမျိုးအစားဖြစ်သည့် Carry မှာလည်း အခြားတရုတ်ကားများနှင့် ယှဉ်ပြိုင်နေရသည့်အတွက် SUZUKI MYANMAR မှ ကားဆက်လက်ထုတ်မည်၊ မထုတ်မည်ဆိုသည့်အချက်မှာ အရေးမကြီးကြောင်း သုံးသပ်ချက်များရှိနေသည်။

“SUZUKI မရရင်၊ ဈေးသိပ်တတ်သွားရင် သူ့ပရိသတ်က တခြား brand တွေကိုပဲ ရွေးသွားမှာလေ။ Ciaz ဆိုရင်လည်း Hyundai Accent နဲ့က သိပ်ဈေးမကွာတော့ Accent ပဲရွေးချင်နေကြတာ။ တစ်ခုရှိတာက Ertiga ကတော့ ခုံသုံးတန်းဖြစ်နေလို့ သူကတော့ ဆက်အလုပ်ဖြစ်နိုင်တယ်” ဟု ဝါရင့် ဝယ်ရောင်းတစ်ဦးက သုံးသပ်သည်။

SUZUKI MYANMAR Motor သည် ၂၀၁၃ ခုနှစ်ကတည်းက SKD စနစ်ဖြင့် မော်တော်ကားတပ်ဆင်ထုတ်လုပ်ရောင်းချပြီး ၂၀၁၈ ခုနှစ်တွင် သီလဝါအကြီးစားစက်မှုဇုန်သို့ ပြောင်းရွှေ့ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *