၂၄. ၅. ၂၀၂၃
Written by Nyein Kyaw
ဆိုင်ကလုန်းမိုခါဒဏ်ခံခဲ့ရမှုကြောင့် ကျွဲနွားတိရစ္ဆာန် ၅ သိန်းခွဲခန့်သေဆုံးပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထားသည့် စိုက်ပျိုးသီးနှံ စုစုပေါင်း ၆၂,၈၃၆ ဧက ပျက်စီးဆုံးရှုံးကာ မကွေးတိုင်းဒေသကြီးတွင် အများဆုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
တိရစ္ဆာန်သေဆုံးမှုများတွင် ကြက်မွေးမြူရေးခြံများမှ ကြက်အကောင်ရေ ၅၁၇၀၀၅ ကောင်သေဆုံးပြီး ကျွဲနှင့်နွားအကောင်ရေ ၁၀၀၀၀ ကျော်သေဆုံးခဲ့သလို စိုက်ဧကပျက်စီးဆုံးရှုံးမှုအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း နွေစပါး ၁၀၉ ဧက၊ နွေနှမ်း ၄၉,၅၆၉ ဧက၊ ဆောင်းနေကြာ ၈ ဧက၊ မိုးနေကြာ ၂၂ ဧကနှင့် မိုးပဲတီစိမ်း ၆,၇၆၆ ဧက စုစုပေါင်း ၅၆,၄၇၄ ဧက ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ငှက်ပျော ၆၀၅ ဧက၊ ကွမ်းသီးပင် ၁,၃၄၅ ဧက၊ ကွမ်းရွက်ပင် ၅၈ ဧက၊ ဓနိပင် ၂၃၁ ဧက၊ ကြက်ပေါင်ဆီ ၅ ဧကနှင့် သစ်သီးဥယျာဥ် ၁,၇၀၉ ဧက စုစုပေါင်းစိုက်ဧက ၃,၉၅၃ ဧက ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေနှမ်း ၉၀၂ ဧကနှင့် မိုးပဲတီစိမ်း ၁,၀၆၅ ဧက စုစုပေါင်းစိုက်ဧက ၁,၉၆၇ ဧက ပျက်စီးခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း နွေနှမ်း ၃၅၀ ဧကနှင့် မိုးပဲတီစိမ်း ၁၇ ဧက စုစုပေါင်းစိုက်ဧက ၃၆၇ ဧက ပျက်စီးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ငှက်ပျောစိုက်ဧက ၇၅ ဧက ပျက်စီးခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုတို့တွင် စုစုပေါင်းစိုက်ပျိုးမြေဧက ၆၂,၈၃၆ ဧကအထိ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဆိုင်ကလုန်းမိုခါသည် မြန်မာနိုင်ငံအတွင်းသို့ မေလ ၁၄ ရက်တွင် စတင်ဝင်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ မိုခါမုန်တိုင်းဖြတ်ကျော်သွားသော လမ်းကြောင်းတွင် နေထိုင်သူ လူဦးရေ ၅ ဒသမ ၄ သန်းကျော်ခန့် မုန်တိုင်းဒဏ်သင့်ခဲ့သလို အများဆိုင်ရာ အဆောက်အအုံများ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပြီး မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း လူဦးရေ ၁ သိန်းကျော် ဆိုးဝါးသည့် ရေကြီးမှုဒဏ်ခံခဲ့ရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က ပြောသည်။