MT News
Translated by Htwe Ko Tun
ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပခဲ့သော ၃၂ ကြိမ်မြောက်၊အရှေ့တောင်အာရှအားကစားပွဲ၊ အမျိုးသား ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲတွင် ထိုင်း ယူ-၂၂ နှင့် အင်ဒိုနီးရှား ယူ-၂၂ အသင်းတို့ကစားကြရာ၌ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပွားခဲ့မှုကြောင့် ထိုင်းဘောလုံးအဖွဲ့ချုပ်က ကစားသမားနှစ်ဦး၊ အသင်းတာဝန်ရှိသူနှစ်ဦးနှင့် နည်းပြတစ်ဦးတို့အား နှစ်ရှည်အားကစားပြိုင်ပွဲများမှ ပိတ်ပင်သည့်ပြစ်ဒဏ်များကို မေလ ၂၃ ရက်တွင် ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုပွဲတွင် အချိန်ပိုအပြီး၌ အင်ဒိုနီးရှားအသင်းက ထိုင်းအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရဗိုလ်စွဲခဲ့သည်။ သို့သော် နှစ်ဖက်စလုံးမှပင် ကစားသမားများနှင့် အခြားတာဝန်ရှိသူများပါ တစ်ဖက်နှင့်တစ်ဖက်ထိုးနှက် ရန်ဖြစ်ပွားခဲ့ကြရာမှ ပွဲမှာအကြမ်းဖက်ဖြစ်ရပ်အသွင် ရောက်ရှိခဲ့ရသည်။ ထိုင်းအသင်းမှဆိုလျှင် ကစားသမားသုံးဦး အနီကတ်ပြအထုတ်ခံခဲ့ရသည်။
ထိုဖြစ်ရပ်အတွက် ထိုင်းဘောလုံးအဖွဲ့ချုပ်က တောင်းပန်မှုပြုခဲ့ကာ လျင်မြန်သောစုံစမ်းစစ်ဆေးမှု ပြုသွားမည်ဟုလည်း ကတိပေးခဲ့သည်။ အသင်း၏ ဂိုးနည်းပြနှင့် တာဝန်ရှိသူနှစ်ဦးအား ထိုင်းလက်ရွေးစင်အသင်းမှ တစ်နှစ်ကြာပိတ်ပင်သည့်ပြစ်ဒဏ်ကို မေလ ၂၃ ရက်တွင်ချမှတ်ခဲ့သည်။
ကြေညာချက်တစ်ရပ်၌ ဂိုးနည်းပြနှင့် တာဝန်ရှိသူနှစ်ဦးမှာ အသက်အရွယ်ကြီးမြင့်၍ အခြေအနေကိုထိန်းချုပ်မှုပြုသင့်ကြကြောင်း၊ ဤနည်းအားဖြင့် အသက် ၂၂ နှစ်အောက် ကစားသမားများအတွက် စံနမူနာဖြစ်အောင်လုပ်သင့်ကြသည်ဟု အချက်အလက်စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် တညီတညွတ်တည်း သဘောတူကြောင်း၊ ၎င်းတို့အနေဖြင့် ဖြစ်ရပ်တွင် ပါဝင်ခြင်းမပြုသင့်ကြကြောင်း ဖော်ပြခဲ့သည်။
ထို့အတူ ကွင်းတစ်ဝက်ခန့်ပြေးကာ ဒိုင်ဗင်ပစ်၍ လက်သီးဖြင့်ထိုးခဲ့သည့် အနီကတ်အပြခံခဲ့ရသော ထိုင်းအသင်း ဂိုးသမား ဆိုပွန်ဝစ် ရာကျပ်ကို လက်ရွေးစင်အသင်းမှခြောက်လပိတ်ပင်ခဲ့သည်။ လူစားဝင်ရောက်လာသော တီရာပတ် ပရွန်ဂါကိုလည်း ခြောက်လပိတ်ပင်ခဲ့သည်။
ဆီးဂိမ်းစ်ဗိုလ်လုပွဲတွင် မိနစ် ၉၀ ပြည့်၍ နာကျင်အချိန်ပို ကုန်ဆုံးလုနီး၌ နှစ်ဂိုး-တစ်ဂိုး ဖြင့်ရှုံးနေသော ထိုင်း ယူ-၂၂ အသင်းက ချေပဂိုး ပြန်လည်သွင်းယူကာ သရေရယူလိုက်နိုင်သည်။ ဤတွင် ထိုင်းဘောလုံးအသင်းမှ တာဝန်ရှိသူများက အင်ဒိုနီးရှားအသင်းထိုင်နေသည့်ဘက်သို့ပါ ပြေးလွှား၍အောင်ပွဲခံခဲ့မှုက အသင်းနှစ်သင်းအကြား ပထမဆုံး လုံးလားထွေးလားထိုးနှက်ကြမှုကို ဖြစ်စေခဲ့သည်။ အင်ဒိုနီးရှားက အချိန်ပိုတွင် ဂိုးများသွင်းကာပြန်လည်ဦးဆောင်လာနိုင်ကာ အသင်းနှစ်သင်းအကြား ပို၍ မကျေချမ်းမှုဖြစ်စေခဲ့ကာ ခိုက်ရန်ဖြစ်ပွားခဲ့၍ ဆီးဂိမ်းစ်သမိုင်းတွင် ရုပ်အဆိုးဆုံးဗိုလ်လုပွဲတစ်ရပ်လည်း ဖြစ်ခဲ့ရ သည်။
Ref-Bangkok Post