၂၄. ၅. ၂၀၂၃
Written by Nay Aung
ကုလသမဂ္ဂသည် မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်တွေ့ကြုံခံစားခဲ့ရသော လူပေါင်း ၁ ဒသမ ၆ သန်းအတွက် အရေးပေါ်အကူအညီများကူညီပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၃၃၃ သန်း ရရှိစေရန် တောင်းခံထားကြောင်း သိရသည်။
ကုလသမဂ္ဂ၏ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးရုံးက ၎င်းတို့အနေဖြင့် မုတ်သုံမိုးမဝင်ရောက်ခင် မုန်တိုင်းဒဏ်တွေ့ကြုံခံစားခဲ့ရသော မြန်မာပြည်သူများအတွက် သန့်ရှင်းသောရေ၊ အစားစာ၊ ဆေးဝါးနှင့် အမိုးအကာများကူညီပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၃၃၃ သန်း ရရှိရန် ကြိုးပမ်းလျက်ရှိနေကြောင်း ပြောသည်။
ကုလသမဂ္ဂ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးရုံး၏ ဌာန ကိုယ်စားလှယ်ဖြစ်သူ ရာမန်နက်သန် ဘလာကရစ်ချ်နန်က ” မုန်တိုင်းနဲ့အတူ ရေကြောင့်ဖြစ်လာမယ့်ရောဂါများကနေ ကာကွယ်ဖို့၊ မုန်တိုင်းဒဏ်ခံရတဲ့သူအားလုံးကို ဘေးကင်းလုံခြုံရတဲ့အမိုးအကာတွေ ထောက်ပံ့ပေးနိုင်ဖို့ အချိန်လုပြီး အပြိုင် ကြိုးစားနေရတယ်” ဟု ပြောသည်။
အဆိုပါတောင်းခံထားသော အမေရိကန်ဒေါ်လာ ၃၃၃ သန်းအနက်မှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်သည် မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူအားလုံးကို ယခုနှစ်အတွင်း ကူညီပေးနိုင်အောင်ဖြစ်ကြောင်း၊ ကျန် အမေရိကန်ဒေါ်လာ ၁၂၂ သန်းက မိုခါမုန်တိုင်းဒဏ်တွေ့ကြုံခံစားခဲ့ရသူအားလုံးအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်မှုအသစ်များတွင် အသုံးပြုရန် ဖြစ်ကြောင်း သိရသည်။
ရာမန်နက်သန် ဘလာကရစ်ချ်နန်က ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်တွေ့ကြုံခံစားရသော အဖွဲ့စည်းများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ကူညီပေးနိုင်ရန် တောင်းခံထားသောငွေများအတွက် ခွင့်ပြုချက်ရမည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။
မိုခါမုန်တိုင်းသည် ပြီးခဲ့သောမေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့နိုင်ငံတို့ကို တစ်နာရီလေတိုက်နှုန်း ၁၉၅ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်ခဲ့ရာ ရခိုင်ပြည်နယ်တွင် လူသန်းချီ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်နေခဲ့ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် အနည်းဆုံးလူပေါင်း ၁၄၈ ဦးသေဆုံးထားကြောင်း မြန်မာအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။
” မုတ်သုံမိုးရောက်ရှိဖို့ နီးလာချိန်မှာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ကမ်းရိုးတန်းဒေသမှာနေထိုင်နေသူတွေ၊ ထိခိုက်လွယ်သူများအပါအဝင် လူသိန်းချီဟာ အမိုးအကာမရှိတဲ့ ပုံစံမျိုးနဲ့ နေထိုင်နေရတယ်။ မုတ်သုံမိုးမလာခင် ထိခိုက်လွယ်သူများကိုအဓိကထားပြီး လူသားအချင်းချင်းဆိုင်ရာစာနာမှုအကူညီများ ပိုမိုလုပ်ဆောင်ပေးနိုင်ဖို့ ကြီးမားတဲ့ကူညီလှူဒါန်းငွေများ လိုအပ်နေပါတယ်။ မုန်တိုင်းဒဏ်တွေ့ကြုံရသူတွေကို ကူညီကယ်ဆယ်ပေးနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကြီးမားတဲ့ငွေကြေးကူညီထောက်ပံ့မှုတွေရဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ မုန်တိုင်းဒဏ်ခံရတဲ့သူတွေကို ဘဝရှင်သန်နေထိုင်ရေးအတွက် လိုအပ်တဲ့အကူအညီရင်းမြစ်တွေ လွှဲပြောင်းမပေးနိုင်ဘူးဆိုရင် အဲဒီသူတွေဟာ မုတ်သုံရာသီကာလအတွင်း အခက်အခဲတွေ ပိုမိုတွေ့ကြုံခံစားရဖွယ်ရှိနေပါတယ်” ” ဟု ရာမန်နက်သန် ဘလာကရစ်ချ်နန်က ပြောသည်။
Ref——–-UN