◾️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ မက္ကာသီတို့၏ အစိုးရချေးယူနိုင်သော အမြင့်ဆုံးချေးငွေပမာဏ ကန့်သတ်မှုတိုးမြှင့်ပေးရေး အစည်းအဝေး သဘောတူညီချက်မရဘဲ ပြီးဆုံး
၂၃. ၅. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုတွင် အထူးအရေးကြီးသော ပြဿနာတစ်ခုဖြစ်နေသည့် အမေရိကန်အစိုးရက ပြုလုပ်နိုင်သော အမြင့်ဆုံးချေးငွေပမာဏနှင့်ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒန်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ မက္ကာသီတို့ မေလ ၂၂ ရက်က အိမ်ဖြူတော်တွင် တွေ့ ဆုံညှိနှိုင်းခဲ့ကြသော်လည်း ဆွေးနွေးပွဲမှာသဘောတူညီချက် တစ်စုံတစ်ရာမရဘဲ ပြီးဆုံးခဲ့ရကြောင်း သိရသည်။
သို့သော် ၎င်းတို့နှစ်ဦးစလုံးက ၎င်းတို့အနေဖြင့် သဘောတူညီချက်တစ်ခုရရှိနိုင်ပါကြောင်းနှင့် အမေရိကန်အစိုးရအတွက် မကြုံစဖူးသော ကြွေးဆပ်ရန်ပျက်ကွက်မှုအခြေအနေကို ရှောင်ရှားနိုင်မည်ဟုအကောင်းဘက်မှ မျှော်လင့်ပါကြောင်းအစည်းအဝေးအပြီး ပြောကြားခဲ့ကြသည်။
အမေရိကန်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဂျာနယ်လ် ရယ်လင်က ကွန်ဂရက်သို့ စာတစ်စောင်ပို့ခဲ့ရာ၌ အမေရိကန်အစိုးရအနေနှင့် နိုင်ငံ့အတွက် ကုန်ကျစရိတ်များ၊ အစိုးရဝန်ထမ်းများသို့ ပေးရမည့် လစာများ၊ ကျသင့်ငွေများ အားလုံးကိုပေးဆောင်ခြင်းမပြုနိုင်သည့် အခြေအနေသို့ နီးကပ်လာနေပြီဖြစ်ကြောင်း၊ ထိုအခြေအနေဆိုး မကြာမီကျရောက်လာနိုင်မှုကိုရှောင်ရှားရန် ဇွန်လ ၁ ရက်မတိုင်မီ ကွန်ဂရက်က အစိုးရအဖွဲ့ အမြင့်ဆုံးချေးယူနိုင်မည့် ချေးငွေပမာဏကို တိုးမြှင့်ပေးရန်လိုကြောင်း၊ သို့မဟုတ်ပါက အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်နိုင်ငံတည်ငြိမ်မှုကို မှီတည်နေကြသော ကမ္ဘာတစ်ဝန်းရှိ အခြားပြည်သူများပါ ငွေရေးကြေးရေးအရ ထိခိုက်မှုများဖြစ်ပွားကာ ကမ္ဘာ့စီးပွားရေးကိုပါ ကမောက်ကမဖြစ်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ မက္ကာသီအား ဇွန်လ ၁ ရက်မတိုင်မီ အမြင့်ဆုံးချေးငွေပမာဏနှင့်ပတ်သက်၍ သဘောတူညီမှုရနိုင်မည်လားဟု သတင်းထောက်များက မေးမြန်းခဲ့ကြရာတွင်၎င်းက “ကျွန်တော်ကတော့ ရနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုသာဖြေခဲ့သည်။ ဂျိုးဘိုင်ဒန်ကလည်း ယခုအစည်းအဝေးတွင် သဘောတူညီမှုမရရှိခဲ့သော်လည်း အကျိုးဖြစ်ထွန်းစေသည့်အစည်းအဝေးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အမေရိကန်အစိုးရတွင် အသုံးစရိတ်လုံးဝပြတ်လပ်၍ ကြွေးမြီများပါ မပေးဆောင်နိုင်ဘဲဖြစ်လုဆဲဆဲ အခြေအနေကို ၂၀၁၁ ခုနှစ် သမ္မတ အိုဘားမားလက်ထက်ကလည်း အမေရိကန်တွင် ကြုံတွေ့ခဲ့ရသေးသည်။ ထိုစဉ်ကလည်း အစိုးရအသုံးစရိတ်အတွက် အစိုးရ၏ အမြင့်ဆုံးချေးယူနိုင်သော ငွေပမာဏနှင့်ပတ်သက်၍ လိပ်ခဲတည်းလည်းအခြေအနေဖြစ်ပွားခဲ့ရာတွင် စတော့ရှယ်ယာဈေးကွက်များ၏ ဈေးနှုန်းများပါ အထိန်းအကွပ်မရှိဘဲ ကျဆင်းမှုဖြစ်ခဲ့သည်။
စီးပွားရေးပညာရှင်များကလည်း အမေရိကန်အစိုးရတွင် အသုံးစရိတ်လုံးဝပြတ်လပ်၍ ကြွေးမြီများပါ မပေးဆောင်နိုင်တော့သည့်အခြေအနေသို့ ရောက်ရှိပါက စီးပွားရေးပျက်ကပ်၏ ရလဒ်အဖြစ်မှတ်ယူရမည်ဟုပြောခဲ့ကြသည်။ ထိုသို့ဖြစ်လာလျှင် ငွေကြေးဈေးကွက်များကို ဆိုးရွားစွာသက်ရောက်မှုရှိမည်ဖြစ်ကာ အပေါင်စာချုပ်အတိုးနှုန်းများနှင့် ခရက်ဒစ်ကတ်ခေါ် အကြွေးဝယ်ယူခွင့်ကတ်များ၏ အတိုးနှုန်းများလည်းမြင့်တက်လာမည်ဖြစ်ပြီး အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအဖို့ ဘဏ်များမှငွေ ချေးနိုင်ရန် ခက်ခဲသွားမည်ဖြစ်သည်။ ထိုမျှမက အစိုးရဝန်ထမ်းများသို့လည်း လစာမပေးချေနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုသို့သာ ဖြစ်မည်ဆိုက အမေရိကန်မိသားစုများအတွက် ကြီးမားသောအခက်အခဲများကို ကြုံတွေ့လာရနိုင်သည်။
အမေရိကန်ပြည်ထောင်စုတွင် လက်ရှိသတ်မှတ်ထားသော အစိုးရအဖွဲ့၏ အမြင့်ဆုံးချေးယူနိုင်သည့် ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄ ထရီလျံဖြစ်ပြီး လက်ရှိနိုင်ငံ့ကြွေးမြီမှာ ၂၀၂၃ ဖေဖော်ဝါရီအထိ စာရင်းများအရ ကြွေးမြီ ၃၁ ဒသမ ၅ ထရီလျံဖြစ်နေ၍ ၎င်းပမာဏကို တိုးမြှင့်ပေးရန် ဆွေးနွေးနေရခြင်းဖြစ်သည်။ ထိုသို့ ချေးငွေတိုးမြှင့်ခွင့် တောင်းခံမှုအပေါ် အစိုးရအဖွဲ့နှင့် ကွန်ဂရက်အကြား ဇွန်လ ၁ ရက်အထိ သဘောတူညီမှုမရခဲ့ပါက အမေရိကန်ပြည်ထောင်စုအဖို့ အဆိုပါ ကြွေးမြီမပေးဆောင်နိုင်သည့် အခက်အခဲအခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
Ref——NPR