MT News
Written by Peya
ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ လျှပ်စစ်ဓာတ်အား ပုံမှန်ပို့လွှတ်နိုင်ရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အင်အား အများအပြား အသုံးပြု ဆောင်ရွက်နေကာ စစ်တွေမြို့တွင်လည်း မီးစက်ဖြင့် ယာယီမီးပေးနိုင်ရန် အစီအစဉ်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက MT News သတင်းဌာနသို့ ပြောသည်။
မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဓာတ်အားပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်း တာဝါတိုင်များ ပြိုလဲခဲ့မှုဖြစ်ခဲ့ခြင်းဖြစ်ကာ အဆိုပါကိစ္စနှင့် ပတ်သက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနက ပြင်ဆင်မှုများကို အင်အားသုံးကာ ပြန်လည်ပြင်ဆင်နေခြင်း ဖြစ်သည်။
“အင်အား အများအပြားသုံးပြီး တခြား တိုင်းနဲ့ပြည်နယ်က ဝန်ထမ်းတွေကို ခေါ်ပြီးတော့ လုပ်နေကြပါတယ်။ အင်နဲ့အားနဲ့ အများဆုံးပြီးအောင် လုပ်နေပါတယ်။ အမြန်ဆုံးပြီးအောင် လုပ်ရင်းကနေပဲ စစ်တွေမြို့အတွက် 500 KVA စက်နှစ်လုံးနဲ့ မီးပေးဖို့ စဉ်းစားနေကြတယ်။ တခြားမြို့နယ်တွေမှာလည်း ပေးဖို့ရှိတယ်။ ဒါပေမယ့် မဟာဓာတ်အားလိုင်း လုပ်တာကလည်း သိပ်တော့ကြာမယ် မထင်ဘူး” ဟု ဦးသန်းထွန်းက ရှင်းပြသည်။
ယမန့်နေ့ မေလ ၂၁ ရက်ကလည်း ရခိုင်ပြည်နယ်အတွက် 50- KVA မီးစက်(၁၀) လုံး၊ 100- KVA မီးစက်(၂)လုံး၊ 500- KVA မီးစက် (၁) လုံး၊ ကွန်ကရစ်မီးတိုင် ၃၈၀၀ တိုင်၊ လျှပ်စစ်မီးကြိုး ၅၀၀၀ မီတာ၊ 160KV ထရန်စ္စဖော်မာ ၂၀ လုံး စသည်ဖြင့် ပစ္စည်းများ အပါအဝင် ကယ်ဆယ်ရေး ပစ္စည်းများကို သင်္ဘောဖြင့် ထပ်မံပေးပို့ထားကြောင်း သိရသည်။