MT News
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေးနှုန်း အကျဘက်တွင် ရှိနေသော်လည်း ပြည်တွင်းရွှေဈေးနှုန်း ကျပ်သိန်း ၃၀ အောက် ကျဆင်းမှုမရှိဘဲ အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း၌ပင် ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။
ဒေါ်လာ ၂,၀၀၀ အထက်မှ ပြန်လည်ကျဆင်းခဲ့သည့် ကမ္ဘာ့ရွှေဈေးသည် မေလ ၂၂ ရက်တွင် တစ်အောင်စကို ဒေါ်လာ ၁,၉၈၂ သာရှိသော်လည်း ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ်သိန်း ၃၀ အောက်သို့ ပြန်လည်ကျဆင်းလာခြင်းမရှိဘဲ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၂၅,၀၀၀ အထိ ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် မေလ ၄ ရက်မှ စတင်ပြီး ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ဒေါ်လာ ၂,၀၀၀ အထက်သို့ စတင်မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းလည်း အဆိုပါရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ အထက်သို့ စတင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ မေလ ၁၇ ရက်မှစတင်၍ ကမ္ဘာ့ရွှေဈေးနှုန်း ဒေါ်လာ ၂,၀၀၀ အောက် ပြန်လည်ကျဆင်းမှုရှိသော်လည်း ပြည်တွင်းရွှေဈေးနှုန်း ကျပ်သိန်း ၃၀ အောက်သို့ ကျဆင်းမှု မရှိခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် မေလ ၁၈ ရက်တွင် ရွှေဈေးနှုန်း ၃,၀၁၂,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၃ ကျပ်၊ မေလ ၁၉ ရက်တွင် ရွှေဈေးနှုန်း ၃,၀၂၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၀ ကျပ်၊ မေလ ၂၀ ရက်တွင် ရွှေဈေးနှုန်း ၃,၀၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၃ ကျပ် ဖြစ်ပေါ်ခဲ့သည်။