၂၃. ၅. ၂၀၂၃
Written by Pan Ei
Facebook အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အမေရိကန်ပြည်ထောင်စုရှိ ဆာဗာများသို လွှပြောင်းခဲ့သောကြောင့် ဥရောပသမဂ္ဂ (အီးယူ)၏ ကိုယ်ရေးကိုယ်တာဥပဒေများကို ချိုးဖောက်သည့်အတွက် Facebook ၏ မိခင်ကုမ္ပဏီ Meta သည် စံချိန်တင်ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ဒဏ်ရိုက်ခံခဲ့ရသည်။
Meta အား အိုင်ယာလန်၏ ဒေတာကာကွယ်ရေးကော်မရှင်နာ (DPC) မှ ယခုချမှတ်သည့် ဒဏ်ငွေမှာ ၂၀၂၀ ပြည့်နှစ်က အီးယူတရားရုံး၏ စည်းမျဉ်းထက် ကျော်လွန်၍ ဒေတာလွှဲပြောင်းမှု ဆက်လက်လုပ်ဆောင်ခဲ့သည့် Meta ကို ချမှတ်ခဲ့ဖူးသည့် ဒဏ်ငွေပမာဏထက်ကျော်လွန်နေသည်။ သမိုင်းတစ်လျှောက် စံချိန်တင် ဒဏ်ငွေပမာဏမှာ ၂၀၂၁ ခုနှစ်က Amazon ကုမ္ပဏီကို GDPR စည်းမျဉ်းများ ချိုးဖောက်ကာ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လွှဲပြောင်းလုပ်ဆောင်ခဲ့ခြင်းအတွက် ဥရောပသမဂ္ဂမှ ချမှတ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၈၈၆ ဒသမ ၈ သန်း ဖြစ်သည်။
စံချိန်တင် ဒဏ်ကြေးငွေထက်သာလွန်သည့် ပမာဏ ဒဏ်ရိုက်ခံထားရသည့် ကိစ္စနှင့်ပတ်သက်ပြီး Meta ကုမ္ပဏီမှ “ဒီဆုံးဖြတ်ချက်က တရားမျှတမှုမရှိသလို မလိုအပ်တဲ့ ဒဏ်ငွေတွေက အခြားမရေတွက်နိုင်တဲ့ ကုမ္ပဏီတွေအတွက်ပါ အန္တရာယ်ရှိတဲ့ စံနမူနာ ဖြစ်စေနိုင်တာကြောင့် စီရင်ချက်ကို အယူခံဝင်သွားပါမယ်” ဟု ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့ပြီး တရားရုံးများမှတစ်ဆင့် ဆိုင်းငံ့မိန့်ကို လျှောက်ထားမည် ဖြစ်သည်ဟု သိရသည်။
WhatsApp နှင့် Instagram တို့ကိုလည်း ပိုင်ဆိုင်သည့် Meta သည် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အမေရိကန်ပြည်ထောင်စုထံ အဆက်မပြတ်လွှဲပြောင်းမှုများ ရှိနေသောကြောင့် စိုးရိမ်မိကြောင်း ဥရောပမှ အချက်အလက် ကာကွယ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ Andrea Jelinek က ပြောကြားခဲ့သည်။
“Facebook ကို ဥရောပမှာ သန်းနဲ့ချီတဲ့ သုံးစွဲသူတွေရှိပါတယ်။ အဲ့ဒါကြောင့် ကိုယ်ရေးကိုယ်တာ ဒေတာလွှဲပြောင်းမှု ပမာဏကလည်း ကြီးမားပါတယ်။ ခုလိုမျိုး မကြုံစဖူး ဒဏ်ငွေချမှတ်တာက ပြင်းထန်တဲ့ သတိပေးမှုဖြစ်ပြီး ချိုးဖောက်မှုတွေကြောင့် ကြီးမားတဲ့ အကျိုးဆက်တွေလည်း ရှိလာနိုင်ပါတယ်” ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။
Meta သည် ဥရောပအသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းခြင်းများကို ခြောက်လအတွင်း ရပ်ဆိုင်းရန်လည်း အမိန့်ထုတ်ပြန်ခြင်းခံထားရသည်။
Ref; CNN