၂၃. ၅. ၂၀၂၃
Written by Nay Moe
အိန္ဒိယနိုင်ငံသားနှင့် ရုရှားနိုင်ငံသူများကို စည်းရုံးခေါ်ဆောင်ပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် လုပ်ငန်းလုပ်ကိုင်စေကာ လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သူ တရုတ်နိုင်ငံသားနှစ်ဦးကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်ဟု မေလ ၂၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ဖြစ်စဥ်မှာ တရုတ်နိုင်ငံ Guizhou ပြည်နယ်နေ Mr. Zhang Huan Huan (ဂျောင်ဟွမ်ဟွမ်)နှင့် လိပ်စာတူနေသူ အာဟောက်(ခ) Mr. Fuyi တိုက အိန္ဒိယနိုင်ငံသား Mr. — ၊ ၃၀ နှစ်၊ Mr. — ၊ ၊ ၂၂ နှစ် နှင့် Mr. —-၂၅ နှစ်တို့ကို မြန်မာနိုင်ငံရှိ Supermarket လုပ်ငန်းတွင် တစ်လလျှင် အမေရိကန်ဒေါ်လာ ၈၀၀ ဖြင့်လည်းကောင်း၊ ရုရှားနိုင်ငံသူ Ms— ၊ ၃၃ နှစ်နှင့် Ms— ၊ ၂၄ နှစ်တိုကို Office Management Call Manager လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ (၄၀၀၀/၅၀၀၀)ရမည်ဟု စည်းရုံးခေါ်ဆောင်၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အဆောက်အအုံတစ်ခုတွင် အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် လုပ်ငန်းအား လုပ်ကိုင်စေကာ ပြင်ပထွက်ခွင့်မရအောင် ပိတ်လှောင်ထားခြင်း၊ နေရပ်သို့ပြန်ခွင့်မရအောင် ငွေကြေးဖြင့်ထိန်းချုပ်ခြင်း၊ နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းထားပြီး သတ်မှတ်သည့် လစာအပြည့် အဝမပေးဘဲ လုပ်အားခများအား ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်အပေါ် လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းက (ပ) ၄၀၂/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၃၆ ဖြင့် အမှုရေးဖွင့်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ခုံရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေလ ၁၅ ရက်တွင် တရားခံ Mr. Zhang Huan Huan (ဂျောင်ဟွမ်ဟွမ်)နှင့် အာဟောက်(ခ) Mr. Fuyi တို့နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၃၆ အရ ထောင်ဒဏ် တစ်သက်စီချမှတ်ခဲ့ကြောင်း သိရသည်။