PDF များနှင့် လက်နက်ကိုင်များ ဖျက်ဆီး၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ဖြစ်ပေါ်နေရ
၂၃. ၅. ၂၀၂၃
SAC အစိုးရအနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟုအာမခံကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဥ် ထည့်သွင်းပြောကြားသည်။
ထိုသို့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဦးစွာ ဆောင်ရွက်နေခြင်းဖြစ်ပြီးတိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကိုမဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်ကို အသိပေးလိုကြောင်းနှင့် မိမိတို့အနေဖြင့် နိုင်ငံတော်ကို ကောင်းမွန်အောင် ဆောင်ရွက်လိုသည့်စိတ်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် အောင်မြင်မှု များရရှိမည်ဟု ယုံကြည်ကြောင်းလည်း SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
ထို့အပြင် မြန်မာ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကြမ်းများလိုအပ်သလို ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် လျှပ်စစ်ဓာတ်အားများလိုအပ်နေသည်။ မိမိတို့နိုင်ငံတွင် ယခင်ကတည်းက လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးဖြင့် နှောင့်နှေးခြင်းနှင့် ရပ်တန့်ခဲ့ရမှုများရှိနေသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ယခုအချိန်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သလို ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆည်များတည်ဆောက်ထားသော်လည်း PDF များအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖျက်စီးမှုများကို ကြုံတွေ့နေရခြင်းကြောင့်လည်း လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှင်းလင်းပြောကြားသည်။