October 22, 2024

Photo - MFSD

MT News

Written by Thettant

လျှပ်စစ်မီးပလပ်ခုံ မီးပွားကျရာမှ အ-ထ-က (အင်္ဂပူ)ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး တစ်ကျောင်းလုံးနီးပါး မီးလောင်ကျွမ်းမှု အောက်တိုဘာ ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ချယ်ရီမြောက်လမ်းနှင့်ကံ့ကော်လမ်းကြားရှိ အ-ထ-က(အင်္ဂပူ) ကျောင်းတွင် အောက်တိုဘာ ၁၆ ရက် နံနက် ၂ နာရီခန့်က Grade-8 (A) ခန်းရှိ လျှပ်စစ်မီးပလပ်ခုံ မီးပွားကျရာမှ စတင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

” မနက် ၂ နာရီလောက်ကတည်းက အတွင်းထဲမှာ လှိုက်ပြီး လောင်နေတာ။ ညဘက် အိပ်ချိန်ကြီး လှိုက်လောင်နေတော့ သိသူလည်းမရှိ၊ သိတဲ့အချိန်ကြတော့လည်း မီးကမနိုင်တော့ဘဲ E ပုံသဏ္ဍာန်ကျောင်းဆောင်အကုန်လုံး မီးလောင်သွားတာပေါ့။ အခုတော့ တာဝန်ရှိသူတွေက ကလေးတွေ ပညာရေးအဆက်မပြတ်အောင် ဆက်စီမံနေကြတယ်လို့တော့ သိရတယ်” ဟု အင်္ဂပူမြို့ခံဝန်ထမ်းတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ မီးလောင်ရာသို့ အင်္ဂပူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ဟင်္သာတခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တလုတ္ထော်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဓမ္ဘီနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပန်းတောကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မယ်ဇလီကုန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကွင်းကောက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထူးကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ညောင်ကြိုးနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီ ၃၅ မိနစ်တွင်မှ မီးငြိမ်းခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှုကြောင့် အ-ထ-က(အင်္ဂပူ) စာသင်ခန်း ၁၇ ခန်း၊ ဘုရားခန်း ၁ ခန်း၊ ကွန်ပျုတာခန်း ၁ ခန်း၊ Language Lab ၁ ခန်း၊ ရုံးခန်း ၁ ခန်း၊ သိပ္ပံခန်း ၂ ခန်း၊ နားနေခန်း ၁ ခန်း၊ စတိုခန်း ၂ ခန်းတို့ မီးလောင်ဆုံးရှုံးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *