၂၃. ၅. ၂၀၂၃
Photo by Nyein Kyaw
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် အခြေခံပညာသင် ကျောင်းသား/ကျောင်းသူများကို အခြေခံပညာသင်ကျောင်းများ၌ ယနေ့ မေလ ၂၃ ရက်တွင် စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။
အချို့သောကျောင်းများရှိ အလယ်တန်းပြနှင့် အထက်တန်းပြ ဆရာ/ဆရာမများ သင်တန်းတက်ရောက်နေရသဖြင့် အဆိုပါကျောင်းများတွင် မူလတန်း ကျောင်းသား/ကျောင်းသူများကိုသာ စတင်ကျောင်းအပ်လက်ခံနိုင်သေးပြီး အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ကျောင်းသူများကို မေလ ၂၅ ရက်မှကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း သိရသည်။
“အခုက အလယ်တန်းနဲ့ အထက်တန်း ဆရာ၊ ဆရာမတွေ သင်တန်းသွားတက်နေတော့ မူလတန်းပြတွေ Grade 5 အထိပဲ လက်ခံနိုင်သေးတယ်။ အလယ်တန်း၊ အထက်တန်းတွေ အကြီးတွေကိုတော့ လာမယ့် မေ ၂၅ ရက်မှ လက်ခံနိုင်မယ်” ဟု ဗိုလ်တထောင်မြို့နယ် အ.ထ.က (၆) ကျောင်းမှ ဆရာမကြီးက ပြောသည်။
ယခုပညာသင်နှစ်တွင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံးကို ကျောင်းအပ်သူများထံမှ မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန်၊ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပေးရန်၊ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးရန်၊ ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် စသည့်အချက်များ သိရှိလိုက်နာရန် ညွှန်ကြားထားကြောင်း သိရသည်။