၂၂. ၅. ၂၀၂၃
Written by Pan Ei
နာမည်ကြီး တရုတ်အက်ရှင်မင်းသား ဂျက်လီ ကွယ်လွန်တယ်ဆိုတဲ့ သတင်းဟာ အခုသီတင်းပတ်အစောပိုင်းမှာ အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပရိသတ်တွေကို စိုးရိမ်စေခဲ့ကာ မင်းသားရဲ့ ကိုယ်စားလှယ်ဖြစ်သူကတော့ အဆိုပါသတင်းမှာ မှားယွင်းမှုသာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ကောလဟာလသတင်းတွေ ထွက်ပေါ်လာပုံကတော့ မေလ ၂၀ ရက်၊ စနေနေ့က နိုင်ငံခြား နာမည်ကြီး ဖေ့ဘွတ်ပေ့ချ်တစ်ခုကနေ “၂၀၂၃ ခုနှစ် မေလ (၂၀) ရက်နေ့ စနေနေ့ မနက် (၁၁) နာရီခန့်မှာ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော မင်းသား ဂျက်လီ ကွယ်လွန်သွားခဲ့ပါတယ်။ R.I.P. Jet Li” လို့ တင်ခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပြီး အဆိုပါ ပိုစ့်ကို React လုပ်သူပေါင်း ၁ သန်းကျော်ရှိခဲ့ပါတယ်။ အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ကြသလို အချိုကတော့ သတင်းမှားသာဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
အဆိုပါ ကောလဟာလသတင်းတွေနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့ (မေလ ၂၁ ရက်) မှာတော့ ဂျက်လီရဲ့ တရားဝင်ကိုယ်စားလှယ်က ဂျက်လီ မကွယ်လွန်ဘူးဆိုတဲ့အကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။
“သူဟာ ဒီလိုမျိုးသတင်းမှားတွေ ထုတ်ခံရတတ်တဲ့ နာမည်ကြီးတွေ စာရင်းထဲမှာ ပါသွားတာပါ။ သူ အသက်ရှင်နေပြီး ကျန်းမာနေကောင်းတုန်းပါပဲ” လို့ ကိုယ်စားလှယ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ခုလိုမျိုး အတုအယောင်သတင်းတွေကြောင့် ပရိသတ်အချို့က ချစ်ခင်ရတဲ့ မင်းသားကြီးရဲ့ပရိသတ်တွေကို နာကျင်စေသလို စိတ်မကောင်းဖြစ်ခဲ့စေတယ်လို့ဆိုကာ ဒေါသထွက်ခဲ့ကြပြီး အခြားသူတွေကလည်း ကမ္ဘာတဝှမ်းမှာ ဂျက်လီရဲ့ အလွန်အမင်းကျော်ကြားမှုကို ပြသနေဆဲဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့ကြပါတယ်။
Ref; Mediamass