၂၂. ၅. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်း၊ ယနေ့ မေလ ၂၂ ရက် နံနက်၉ နာရီဝန်းကျင်ခန့်က ဆွမ်းခံကြွလာသည့် သံဃာဆွမ်းတန်းကို AD Van တက္ကစီတစ်စီးက ဝင်ရောက်တိုက်မိမှုကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ကိုရင် ၄ ပါး စုစုပေါင်း ၅ ပါး ဒဏ်ရာရရှိခဲ့ကြောင်း မုဒိတာလူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဥ်မှာ ကော့မှူးမြို့နယ်၊ တရုတ်ကုန်းကျေးရွာ ကားလမ်းမဘေးမှ ကြွလာသည့် သံဃာ ရှစ်ပါးနှင့် ကျောင်းသားတစ်ဦးပါသော ဆွမ်းတန်းကို ကွမ်းခြံကုန်း ရန်ကုန်ပြေးဆွဲနေသည့် တက္ကစီမှ မျက်နှာချင်းဆိုင်ဝင်တိုက်မိရာ ကိုရင်ကြီး ၂ ပါး၊ ကိုရင်ငယ် ၂ ပါးနှင့်၊ ဦးဇင်း ၁ ပါးတို့အား ဝင်တိုက်မိသဖြင့် အရေးပေါ်လူနာတင်ယာဥ်ဖြင့် မြေပြင်ကူညီကုသမှုပေးကာ ဆေးရုံတင်ပို့ကုသမှုပေးခဲ့ရကြောင်းသိရသည်။
မုဒိတာလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ကိုရဲထွဋ်က “တိုက်မိတဲ့ ကားဆရာက ယာဥ်ပေါ်တက်မောင်းတာ ၂ လပဲ ရှိသေးတဲ့ လိုင်စင်အနက်ကိုင်ထားသူလို့ သိရတယ်။ သူ့ကား ချိုင့်ရှောင်ရင်း ဘရိတ်နဲ့ လီဗာ မှားနင်းတာလို့ သူကိုယ်တိုင် ထွက်ဆိုပြောပြတယ်။ ရွာကလည်း သံဃာထိရင် မခံတော့ အကဲဆတ်နေတော့ တာဝန်သိပြည်သူတစ်ဦးကပဲ ကားဆရာကို သက်ဆိုင်ရာက မလာခင်အထိ ဖွက်ပေးထားရတယ်။ အခုတော့ သက်ဆိုင်ရာလက်အပ်လိုက်ပြီလို့ ကြားပါတယ်”ဟု ဆိုသည်။
ယာဥ်တိုက်မိရာတွင် ကိုရင်များမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကော့မှူးဆေးရုံမှ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆေးရုံကြီးသို့ လိုက်ပါပို့ဆောင်ခဲ့သည့် မုဒိတာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက “ဦးဇင်းတစ်ပါးကတော့ အခြေအနေကောင်းလို့ ပြန်ခွင့်ရသွားပြီ။ အသင်းကားနဲ့ပဲ ပြန်ပို့နေပါတယ်။ ကျွန်တော်တို့က နောက်ထပ်ကိုရင်ငယ်တစ်ပါး ဆင်းခွင့်ရနိုင်တယ်ဆိုလို့ စစ်ဆေးကုသမှုအပြီးကို စောင့်နေတာပါ။ ကိုရင်ကြီးတစ်ပါးကတော့ ဒဏ်ရာစိုးရိမ်ရတယ်။ ခေါင်းဒဏ်ရာပြင်းတယ်။ ကိုရင်ငယ်တစ်ပါးက ပေါင်ကျိုးသွားတာ ဒီညနေ ခွဲစိတ်ခန်းဝင်ရမယ်”ဟု MT News ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။