၂၂. ၅. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံ ဆာမတ် ဆောင်ခရမ်ဒေသ အန်ဖာဝါမြို့ရှိ အမှတ် ၂ ရာမလမ်းမကြီးပေါ်တွင် မေလ ၂၁ ရက်နေ့က ယာဥ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား နှစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဆာမတ်ပရာကန်ဒေသရှိ ကုမ္ပဏီတွင်အလုပ်လုပ်နေသော အသက် ၃၃ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား မန်နေဂျာတစ်ဦးမောင်းနှင်လာသော Toyota Fortuner အမျိုးအစားကားသည် မြန်မာနိုင်ငံသားနှစ်ဦး မောင်းနှင်လာသော ဘေးတွဲဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ရာ မြန်မာနိုင်ငံသားနှစ်ဦးနှင့် ယင်း အပါအဝင်သုံးဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဆာမတ်ဆောင်ခရမ် ရဲတပ်ဖွဲ့က ပြောသည်။
ကယ်ဆယ်ရေးသမားများသည် ကားတိုက်မှုတွင် ပါဝင်ခဲ့သူများကို ကူညီကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဘဲ အသက် ၅၁ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး မသီတာ၏ ရုပ်အလောင်းကို ကားတိုက်မှုဖြစ်ပွားရာနေရာနှင့် မီတာ ၈၀ အကွာတွင် ပြန်တွေ့ခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်း ဆာမတ်ပရာကန်ဒေသရဲတပ်ဖွဲ့က ပြောသည်။ ထို့အပြင် အသက် ၃၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုချစ်ကို၏ ရုပ်အလောင်းကို ကားလမ်း၏ဘယ်ခြမ်းတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
Toyota Fortuner အမျိုးအစား ကားသည် Honda Wave အမျိုးအစား ဘေးတွဲဆိုင်ကယ်ကို နောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော ငါးများ လမ်းပေါ်တွင် ကြဲပြန့်လျက်ရှိနေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ထိုင်းနိုင်ငံသားသည် ကားမောင်းချိန်အတွင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ သုံးဘီးဆိုင်ကယ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်များတွင် ဖော်ပြထားသည်။ အဆိုပါကားသည် သုံးဘီးဆိုင်ကယ်ကို အရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီးနောက် လမ်းဘေးဓာတ်တိုင်ကိုလည်း ထပ်မံတိုက်ခဲ့သည့်အတွက် ကားမောင်းသမား ထိုင်းနိုင်ငံသားလည်း ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သုံးဘီးဆိုင်ကယ်ကို မောင်းနှင်လာသော မြန်မာနိုင်ငံသား နှစ်ဦးသည် ရက်ချာဘူရီဒေသရှိဈေးတွင် ပြန်လည်ရောင်းချရန်အတွက် Mae Klong ဈေးသို့ ငါးများလာဝယ်သူများဖြစ်ပြီး ငါးဝယ်ပြီးအပြန်တွင် ကားတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
Ref——––mgronline