◾️ ထိုင်းနိုင်ငံမှပေးအပ်သည့် ကူညီမှုများ မြန်မာနိုင်ငံသို့ မနက်ဖြန်ရောက်ရှိမည်
၂၂. ၅. ၂၀၂၃
Written by Nay Aung
ထိုင်းအစိုးရသည် မိုခါမုန်တိုင်းဒဏ်ကို တွေ့ကြုံခံစားခဲ့ရသော မြန်မာပြည်သူများအတွက် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရရုံးတွင် ကျင်းပသော မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးအပ်လှူဒါန်းပွဲကို ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဦးဆောင်တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေလည်း တက်ရောက်ခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။
ထိုင်းဝန်ကြီးချုပ်က ” မြန်မာပြည်သူတွေ မိုခါမုန်တိုင်းဒဏ် တွေ့ကြုံခံစားရမှုတွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေက စိတ်မကောင်းဝမ်းနည်းရပါတယ်။ မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက်အားပေးစကား ပြောချင်ပါတယ်။ မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေဟာ တွေ့ကြုံနေရတဲ့ ဒီအခက်ခဲတွေကို အမြန်ဆုံးဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေဟာလည်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီများပေးသွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာပြည်သူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ထပ်မံပေးနိုင်ဖို့ အဆင့်သင့်ရှိနေပါတယ်။” ဟုပြောသည်။
ထို့အပြင် ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံဘက်မှ ဆန္ဒရှိမည်ဆိုလျှင် မိုခါမုန်တိုင်းနှင့်ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာနိုင်ငံကို ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်မည်ဖြစ်သလို အာဆီယံ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။
မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူညီများပေးအပ်သည့်အခမ်းနားကို ထိုင်း ကြက်ခြေနီအဖွဲ့၊ ထိုင်းကုန်သည်ကြီးများအသင်း၊ PTT နှင့် The Siam Cement ကုမ္မဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွက် ကူညီပေးထားသော ထိုင်းနိုင်ငံ၏ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများသည် မေလ ၂၃ရက်နေ့တွင် ရန်ကုန် လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းကြက်ခြေနီအဖွဲ့နှင့် ထိုင်း နယ်စပ်ကုန်သွယ်ရေးအဖွဲ့တို့သည် မိုခါမုန်တိုင်းဒဏ် တွေ့ကြုံခံစားရသော မြန်မာပြည်သူများကို ကူညီလှူဒါန်းနိုင်ရန်အတွက် အလှူငွေများကို ဦးဆောင်ကောက်ခံလျက်ရှိနေကြောင်း သိရသည်။
Ref——––matichon