၂၂. ၅. ၂၀၂၃
Written by Peya
နှစ်ကြိမ် ထောင်ကျခဲ့သူ အဆိုတော် စောဖိုးခွားသည် ယမန်နေ့ မေလ ၂၁ ရက်က ပြန်လည် လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
စောဖိုးခွားသည် သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရကာ လက်ရှိတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဆိုသော အချက်ကိုမူ အတည်မပြုနိုင်သေးသော်လည်း မိသားစုနှင့်မူ ဆုံနေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော် သိသလောက်ကတော့ မနေ့က သာယာဝတီ အကျဉ်းထောင်ကနေ ပြန်လွတ်ပါတယ်။ မိသားစုနဲ့ ပြန်ဆုံတယ်ဆိုတာကတော့ သူ့ရဲ့ သားဖြစ်သူ တင်ထားတာ ကြည့်ပြီး သိရပါတယ်။ သူ ကျန်းမာပါတယ်။ အေးအေးဆေးဆေးပါ။ အသေးစိတ်အချက်အလက်တွေကို မသိသေးဘူး” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။
စောဖိုးခွားကို ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ပြီးနောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ပြန်လွတ်လာခဲ့သော်လည်း အင်းစိန်ထောင်ရှေ့တွင်ပင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) အတွက် ပြန်လည်ဖမ်းဆီးသွားခဲ့ပြီးနောက် ယမန်နေ့တွင်မှသာ အမှန်တကယ်ပြန်လွတ်လာခဲ့ခြင်း ဖြစ်သည်။