MT News
Written by Nay Aung
အာဆီယံအဖွဲ့အနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ အရေးပေါ်တုံ့ပြန်ရေးပစ္စည်းများနှင့် လိုအပ်သောပစ္စည်းများကို ပထမဆုံးအကြိမ်ပေးပို့ကူညီမှုအဖြစ် မေလ ၂၁ ရက်တွင် ခရီးသည်တင်လေယာဉ်ဖြင့်သယ်ဆောင်ကာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း လက်ရှိအာဆီယံဥက္ကဋ္ဌတာဝန်ရယူထားသည့် အင်ဒိုနီးရှားအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
မြန်မာနိုင်ငံသို့ ပေးပို့မည့် အာဆီယံ၏ အကူအညီပစ္စည်းများကို မလေးရှားနိုင်ငံ ဆူဒန်ဒေသနှင့် ထိုင်းနိုင်ငံ ချိုင်းနက်ဒေသရှိ သိုလှောင်ရုံများတွင် ပြင်ဆင်လျက်ရှိနေကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက “အာဆီယံရဲ့နောက်ထပ်အကူအညီတွေကို မေလ ၂၂ ရက်နဲ့ မေလ ၂၃ ရက်နေ့တို့မှာလည်း အင်ဒိုနီးရှား၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံက စစ်လေယာဉ်များကို အသုံးပြုပြီး ထပ်မံ ပေးပို့ကူညီသွားမှာဖြစ်တယ်” ဟုပြောသည်။
အင်ဒိုနိးရှားသည် ၂၀၂၃ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူပြီးနောက် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ပေးပို့ကူညီမည်ဆိုသော အာဆီယံအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်နှင့်အညီ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးပို့ကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အာဆီယံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့ AHA Centre ၏ တာဝန်ရှိသူများ၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့မှ ကိုယ်စားလှယ်များသည်လည်းလက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။
၎င်းတို့သည် လက်ရှိအချိန်တွင် မိုခါမုန်တိုင်း တိုက်ခတ်ခံရသော ဒေသများ၌ မြေပြင် သတင်းအချက်အလက်များကို စုဆောင်းရယူခြင်း၊ လိုအပ်သော အကဲဖြတ်သုံးသပ်မှုများလုပ်ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံ၏အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံရှိ မုန်တိုင်းဒဏ်ခံပြည်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ပေးပို့ကူညီရန်စီစဉ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Ref——––bernama