October 22, 2024

NUG ကရောင်းချမည့်မြေကွက်နေရာနှင့် နွေဦးအောင်လံနှင့် တော်ဝင်နွေဦးအိမ်ရာပုံစံငယ်ကို တွေ့ရစဥ်

MT News

Written by Nay Moe

ဒေါ်လာ ၁၅၀၀၀ မှ ဒေါ်လာ ၃၅၀၀၀၀ တန်ဖိုးရှိ နွေဦးအောင်လံနှင့် တော်ဝင်နွေဦးအိမ်ရာများကို အောက်တိုဘာ ၂၂ မှ စတင်ရောင်းချမည်ဟု NUG ၏ The End of Dictatorship က ကြေညာထားသည်။

နွေဦးအောင်လံသည် တောင်ဒဂုံမြို့နယ်၊ အမှတ် (၂) လမ်းမကြီးပေါ်၊ ကျန်စစ်သားလမ်းထောင့် Pro 1 East Dagon Branch ၏ မျက်စောင်းထိုးဘက်ခြမ်း ကျန်စစ်သားလမ်းမကြီးထောင့်တွင် တည်ရှိပြီး နောင်တွင် ရန်ကုန်မြို့အတွက် နိုင်ငံတကာလေဆိပ်သစ်ကြီးကို ပဲခူးမြို့စွန်တွင် ဆောက်လုပ်မည် ဆိုပါက အမှတ်(၂) လမ်းမကြီးသည် ရန်ကုန်မြို့နှင့် လေဆိပ်သစ်ကြား အတိုဆုံး ဆက်သွယ်ရေးလမ်းမ ဖြစ်လာကာ လေဆိပ်တိုက်ရိုက် အမြန်ရထားနှင့် ကားများ ဖြတ်သန်းရာ အဓိကလမ်းကြောင်း ဖြစ်လာမည်ဟု ဆိုသည်။

စျေးနှုန်းအနေဖြင့် အမှတ် (၂) လမ်းမဘက် မျက်နှာစာနှင့် ကျောကပ်နေရာများအား Commercial Development များ အဖြစ် ပေ ၁၀၀ × ပေ ၁၅ဝ အကွက်ကြီး ၃၂ကွက်အား တစ်ကွက် ဒေါ်လာ ၃၅၀၀၀၀ ဖြင့် ရောင်းချမည်ဖြစ်သည်။ အတွင်းဘက်တွင် လူနေအိမ်ရာ ပေ ၆ဝ x ပေ ၈၀ အကွက်ပေါင်း ၂ဝဝ အားတစ်ကွက် ဒေါ်လာ ၂၇၅၀၀ နှင့် ပေ ၄၀ x ပေ ၆၀ အကွက်ပေါင်း ၈၀၀ အား တစ်ကွက် ဒေါ်လာ ၁၅၀၀၀ ဖြင့် ရောင်းချမည်ဖြစ်သည်။

မဟာစည်သာ့သနာရိပ်သာလမ်းအတွင်းရှိ မြေကွက်နေရာအား ရွှေတောင်ကြားကဲ့သို့ အကောင်အထည်ဖော်မည့် တော်ဝင်နွေဦးအိမ်ရာစီမံကိန်းအတွက် မြေတစ်ကွက် ဒေါ်လာ ၇၂၀၀၀ မှ စတင်ရောင်းချမည်ဟု NUG ၏ The End of Dictatorship က အောက်တို ဘာ ၁၅ ရက်တွင် ကြေညာထားသည်။

Royal Spring (တော်ဝင်နွေဦး) စီမံကိန်းသည် ရန်ကုန်မြို့၏ အလယ်ဗဟိုကျသော ဗဟန်းမြို့နယ်တွင် တည်ရှိပြီး ရွှေတိဂုံစေတီတော်၊ Spring Inya မှ Inya Walk၊ ကန်တော်ကြီးဝန်းကျင်မှ Spring Memorial Park တို့နှင့် နီးကပ်စွာရှိသော နေရာဖြစ်သည်။

အစားထိုးဖေါ်ထုတ်ရန် ပြန်ရှာ၍မရနိုင်သော နေရာမျိုးဖြစ်ပြီး ရွှေတောင်ကြား ဝင်ဒါမီယာကဲ့သို့ ဆိတ်ငြိမ် လူနေရပ်ကွက်အဖြစ် ဖန်တီးဖေါ်ထုတ်သွားမည် ဖြစ်ပြီး လူနေအိမ်ရာ ပေ ၆ဝ x ပေ ၈၀ အကွက်ပေါင်း ၄၀ နှင့် ပေ ၄၀ x ပေ ၆၀ အကွက်ပေါင်း ၁၂၀ ရောင်းချပေးနိုင်မည်ဖြစ်သည်။ ပေ ၆ဝ x ပေ ၈၀ အကွက်အတွက် ဒေါ်လာ ၁၃၅၀၀၀ စျေးသတ်မှတ်ထားပြီး ၄၀ နှင့် ပေ ၄၀ x ပေ ၆၀ အကွက်အတွက် တစ်ကွက် ဒေါ်လာ ၇၂၀၀၀ သတ်မှတ်ထားကာ ဝယ်ယူလိုသူများမှာ သတ်မှတ်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းအား လက်ငင်းပေးချေရမည်ဖြစ်သည်။

ပြည်ပရောက်ရှိနေပြီး အွန်လိုင်းပေါ်အခြေပြုကာ စင်ပြိုင်အစိုးရအဖြစ် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုထားသည့် NUG အနေဖြင့် မြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေးမြို့မှမြေကွက်များအား အွန်လိုင်းမှ ခွဲခြမ်းစိတ်ဖြာရောင်းချခြင်းဖြင့် ဒေါ်လာသန်းချီ ရရှိနေသည်ဟု ကြေညာထားသော်လည်း မြေကွက်ဝယ်ယူသူများမှာမူ မည်သည့်ပိုင်ဆိုင်မှုမျှ ရရှိထားမှုမရှိသေးကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *