MT News
Written by Nay Aung
ကုလသမဂ္ဂအရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး မာတင် ဂရစ်ဖစ်ဟာက မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ် ပြည်သူများကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ကုလသမဂ္ဂဗဟိုအရေးပေါ်တုံ့ပြန်မှုရန်ပုံငွေ CERF မှ အမေရိကန်ဒေါ်လာ ၁၀ သန်း ထုတ်ယူကူညီခွင့်ပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာတဝှမ်း၌ ဆိုးရွားသောသဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ချိန်တွင် ကုသလမဂ္ဂ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး တာဝန်ရှိသူများသည် CERF မှ ငွေကြေးများဖြင့် ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်လျက်ရှိနေသည်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့များသည် မုတ်သုံမိုးမလာခင် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်မြင့်လုပ်ဆောင်လျက်ရှိနေပြီး ကုလသမဂ္ဂအဖွဲ့စည်းများနှင့် မိတ်ဖက်အဖွဲ့စည်းများလည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။
မုန်တိုင်းဒဏ်ခံရသော ပြည်သူများသည် လက်ရှိအချိန်တွင် ကယ်ဆယ်ရေးစင်တာများ၊ ဘုန်းကြီးကျောင်းများတွင် အမိုးအကာဖြင့်နေထိုင်ရန် ကြိုးပမ်းနေရကြောင်း သိရသည်။ ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့စည်းများသည် မုန်တိုင်းဒဏ်တွေ့ကြုံရသော ရခိုင်ပြည်နယ်၏ အခြေအနေများကို လေ့လာထားသော အချက်အလက်များအပေါ် အခြေခံပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများကို ကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရန်အတွက် မြေပြင်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိနေကြောင်းကုလသမဂ္ဂ၏ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေး ပူးပေါင်းဆောင်ရွက်မှုရုံး (OCHA)က ဆိုသည်။
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့စည်းဖြစ်သော(WFP) သည် ပြီးခဲ့သော ၂ ရက်က မိုခါမုန်တိုင်းကြောင့် လူသန်းချီ အခက်အခဲများရင်ဆိုင်နေရသော ရခိုင်ပြည်နယ် စစ်တွေမြို့ ကယ်ဆယ်ရေးစင်တာများတွင် နေထိုင်နေသူများနှင့် နေရပ်စွန့်ခွာနေထိုင်နေရသူပေါင်း ၆၀၀၀ အတွက် အရေးပေါ် အစားအစာအကူအညီများ ကူညီပေးခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ဈေးများ၊ ဈေးဆိုင်များ ပြန်မဖွင့်သေးသလို ဈေးနှုန်းများလည်း တက်နေရာ ဒေသခံများ အခက်အခဲများဖြစ်လျက်ရှိနေကြောင်း ကုလသမဂ္ဂကဆိုသည်။
ရခိုင်ပြည်နယ်တွင် အချို့သူများသည် အမိုးအကာ အထောက်အပံ့များရရှိရန် လိုအပ်နေသလို ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်နေကြောင်း သိရသည်။အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေခြင်းများက ပျက်စီးခဲ့သောအိမ်များကို ပြန်လည်တည်ဆောက်ရန်အတွက် အဟန့်တားများဖြစ်လျက်ရှိနေကြောင်း (OCHA)က ပြောသည်။
Ref——––unocha / Photo MDN