MT News
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ၊ ပါရမီလမ်းမီးပွိုင့်တွင် မေလ ၂၀ ရက်၊ ည ၁၀ နာရီ အချိန်က YBS ၂၁ နှင့် တက္ကစီယာဥ်ငယ်နှစ်စီး၊ ယာဥ်သုံးစီးဆင့်တိုက်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း မြတ်ကုသိုလ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။
ဖြသ်စဥ်မှာ လှိုင်မြို့နယ်၊ ၁၅ ရပ်ကွက်၊ ဘုရင့်နောင်လမ်းမ ပါရမီလမ်းမီးပွိုင့်တွင် မီးပွိုင့်ကို ဖြတ်မောင်းသည့် YBS ၂၁ ယာဉ်တစ်စီး၊ Fielder နှင့် Caldina Taxi ယာဥ်တို့ ယာဉ်သုံးစီးဆင့်တိုက်ခဲ့ခြင်းဖြစ်ပြီး Caldina တက္ကစီပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ သွားရောက်ကူညီဆောင်ရွက်ခဲ့သည့် မာဃရိပ်ငြိမ် ပရဟိတအသင်းမှ တာဝန်ရှိသူ ကိုဥက္ကာဦးသာက “ကျွန်တော်တို့ အခင်းဖြစ်တဲ့နေရာကိုရောက်တော့ မျက်မြင်ပုံစံက YBS ၂၁ နဲ့ Caldina၊ Fielder ယာဥ်ငယ်နှစ်စီး ခေါင်းချင်းဆိုင်တိုက်တဲ့ အနေအထားပါ။ မီးပွိုင့်ပျက်နေတာမျိုး မရှိပါဘူး။ Caldina ပေါ်က လူနာ နှစ်ယောက်ထွက်ပါတယ်။ နောက်ထပ် Fielder ယာဥ်ကတော့ ဘာမှ မဖြစ်သွားပါဘူး သူက ပွတ်မိယုံလောက်ပါ” ဟု MT News ၏ စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
အဆိုပါ ယာဥ်တိုက်မှုကို အနီးအနား ပတ်ဝန်းကျင်မှ တာဝန်သိပြည်သူများက မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်း(ရုံးချုပ်)သို့ ဖုန်းဆက်အကူအညီတောင်းခံမှုကြောင့် အသင်းမှ ရှာဖွေကယ်ဆယ်ရေးယာဥ်(၂)စီးဖြင့် ဖြစ်စဥ်နေရာသို့ သွားရောက်ကာ ညပ်နေသောလူနာများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှရှာဖွေကယ်ဆယ်ရေးနှင့်အတူ ပူးပေါင်းပြီး ကူညီကယ်ဆယ်ခဲ့ရသည်ဟု မြတ်ကုသိုလ် လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ လူမှုကူညီရေးအသင်းပိုင်ယာဥ်ဖြင့် Caldina အငှားယာဥ်ပေါ်မှ သေဆုံးသွားသော အမည်မသိ အမျိုးသား(၁)ဦးအား မြောက်ဥက္ကလာဆေးရုံ သို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ထပ်မံ၍ သေဆုံးသူ အမည်မသိမ(၁)ဦးအား မာဃရိပ်ငြိမ် လူမှုကယ်ဆယ်ရေးအသင်းမှ မြောက်ဥက္ကလာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။