MT News
Written by Nay Aung
မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရန်အတွက် နစကနှင့် တိုက်ရိုက်ဆက်သွယ်ရန်မှတပါး အခြားရွေးချယ်စရာမရှိကြောင်း ရုရှားသံအမတ်ကြီးစတာနီစလဗ် ဆူပရမ်အမ်ကိုက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရေးနှင့်ပတ်သက်ပြီး မျဉ်းပြိုင်လမ်းကြောင်းများ ဖန်တီးမည်ဆိုလျှင် ကမ္ဘာ့လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေး ကြိုးပမ်းမှုများကို ထိခိုက်ဖွယ်ရှိနေကြောင်း ရုရှားသံအမတ်ကြီးက ပြောသည်။
ရုရှားသံအမတ်ကြီးသည် မြန်မာနိုင်ငံ၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်မှုအခြေအနေများနှင့်ပတ်သက်ပြီး ပြုလုပ်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ UNSC Arria-formula အစည်းအဝေးတွင် ပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအပေါ် ကြီးမားသော ပိတ်ဆို့မှုများချမှတ်ခြင်းသည် မြန်မာပြည်သူထောင်ချီကို ထိခိုက်နစ်နာမှုများသာဖြစ်စေခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏လက်ရှိအခြေနေသည်
နိုင်ငံတကာ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခြင်းမျိုး မရှိကြောင်း စတာနီစလဗ် ဆူပရမ်အမ်ကိုက ပြောသည်။
နစကသည် လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့စည်းများ၊ အာဆီယံ၏ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့ AHA Centerတို့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပြီးဥပမာပြ ပြောရမည်ဆိုလျှင် နစကသည် မိုချာဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများထိခိုက်ခံစားမှုများ လျော့ပါးအောင် ကြိုတင်စီစဉ်ဆောင်ရွက်မှုများရှိခဲ့ကာ ပြည်သူများကို ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ လုပ်ဆောင်ပေးခဲ့ကြောင်း ရုရှားသံအမတ်ကြီးက ပြောသည်။
နစကသည် အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်ရေးအတွက် ကြိုးပမ်းလျက်ရှိနေကြောင်း၊ မြန်မာ့နိုင်ငံရေး ပဋိပက္ခများကိုဖြေရှင်းနိုင်ရန်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူနေသော အင်ဒိုနီးရှားနိုင်ငံ၏ ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း ရုရှားသံအမတ်ကြီး စတာနီစလဗ့် ဆူပရမ်အမ်ကိုက ပြောသည်။
အာဆီယံအနေဖြင့် မြန်မာ့နိုင်ငံရေးအခြေနေများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုများတွင်ဦးဆောင်ပါဝင်ခြင်းများကို ထိန်းသိမ်းရမည်ဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းကြောင့် အာဆီယံအဖွဲ့၏ စည်းကမ်းများအတိုင်း မြန်မာနိုင်ငံသို့ လူသားချင်းဆိုင်ရာစာနာမှုအခြေအနေများကိုဖြေရှင်းနိုင်ရန် အထောက်အကူပြု အသုံးဝင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ထို့အပြင် ၎င်းက မြန်မာ့နိုင်ငံရေးအခက်အခဲသည် လက်ရှိ နစက အစိုးရတာဝန်မယူခင်တည်းက ရှိနေခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ့နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းနိုင်အောင် မည့်သို့လုပ်ဆောင်ရမည်ဆိုသည့်အချက်ကို ပိုမိုသိရှိနားလည်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။
Ref——––russiaun.ru/en