၂၀. ၅. ၂၀၂၃
Written by Pan Ei
“ကျွန်တော့်ရဲ့ လီဗာဗူးအသင်းဖော်တွေနဲ့ အထူးသဖြင့် ပရိသတ်တွေကို လွမ်းဆွတ်နေမှာပါ။ ကျွန်တော် ပရိသတ်တွေကို ချစ်ပါတယ်။ သူတို့တွေက ကျွန်တော့်ကို ဒီရှစ်နှစ်အတွင်းမှာ အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။ ဒီမှာ ကျွန်တော် အသင်းနဲ့အတူ စွမ်းဆောင်နိုင်ခဲ့တဲ့ အရာအားလုံးအတွက်ရယ် အောင်မြင်မှုတွေနဲ့အတူ လက်တွဲလုပ်ခဲ့တဲ့ လှပတဲ့ သမိုင်းကြောင်းတွေရယ်အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ တစ်နေ့နေ့မှာ ကျွန်တော် ပြန်လာနိုင်မလားဆိုတာ မသိပေမဲ့ ခုတော့ သွားဖို့ အချိန်တန်ပါပြီ” ….ဖာမီနို
လီဗာပူးပရိသတ်တွေရဲ့အချစ်တော် တိုက်စစ်မှူး ရော်ဘတ်တိုဖာမီနိုက ပရီးမီးယားလိဂ်မှာ ရှစ်နှစ်ကြာ ကစားပြီးနောက် ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းက ထွက်ခွာတော့မှာဖြစ်လို့ ဒီနေ့ကျင်းပမယ့် အက်စတွန်ဗီလာအသင်းနဲ့ လီဗာပူး ကစားမယ့် ပရီးမီးယားလိဂ်ရဲ့နောက်ဆုံး အိမ်ကွင်းပွဲစဉ်မှာ နှုတ်ဆက်ပွဲ ကျင်းပပေးသွားမှာဖြစ်ပါတယ်။
ဖာမီနိုဟာ ၂၀၁၅ ခုနှစ်မှာ ဟော့ဖန်ဟိမ်းအသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့လာကတည်းက သွင်းဂိုး ၁၀၉ ဂိုးအထိ သွင်းယူပေးထားပြီး အသင်းအတွက် အဓိကကျတဲ့ နေရာကနေ ပါဝင်ပေးထားတဲ့သူဖြစ်တဲ့အပြင် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလားနဲ့ လိဂ်ဖလားအပါအဝင် လီဗာပူးအသင်းနဲ့အတူ အဓိကဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီနောက်ပိုင်းနှစ်တွေမှာတော့ လီဗာပူးအသင်းမှာ ဖာမီနိုရဲ့ ကဏ္ဍဟာ ဒဏ်ရာပြသာနာတွေကြောင့်သာမက ကစားသမားအသစ်တွေကြောင့်ပါ မှေးမှိန်ခဲ့ရပါတယ်။
ဒီရာသီကုန်မှာ လီဗာဗူးအသင်းက ဖာမီနိုအပြင် ဂျိမ်းစ်မီလ်နာ၊ နာဘီကီတာနဲ့ အဲလက်စ်အောက်လက်ချန်ဘာလိန်တို့ကလည်း အသင်းကနေထွက်ခွာမှာဖြစ်တယ်လို့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က အတည်ပြုပေးခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းထားတဲ့ ဘရာဇီးဘောလုံးသမားအဖြစ် မှတ်တမ်းတင်ခံထားရတဲ့ ဖာမီနိုက ပရီးမီးယားလိဂ်ကနေ ထွက်ခွာဖို့ နှုတ်ဆက်ချိန်မှာ မျက်ရည်ကျမိမှာ သေချာပါတယ်ဆိုတဲ့အကြောင်းကို “ကျွန်တော် ဒီပွဲကို အာရုံစိုက်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ပွဲပြီးရင် ကျွန်တော် ၁၀၀ ရာခိုင်နှုန်း ငိုမှာပါ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပြောင်းလဲမှုကြီးတွေပြုလုပ်ဖို့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က စီစဉ်ထားပြီး ဒီလုပ်ဆောင်မှုကလည်း လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မူတည်နေသလို အခုလက်ရှိမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
Ref; Reuters