၂၀. ၅.၂၀၂၃
Written by Hey Mar
ယမန်နေ့ မေလ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်အချိန်ခန့်က သက်တော် ၈၀ ခန့် ရှိသည့် ဆရာတော်တစ်ပါး အင်းစိန် BOC ကွေ့ DENKO ဆီဆိုင်အနီး၌ အားပြတ်လဲကျနေကြောင်း အနီးဝန်းကျင်မှ တာဝန်သိပြည်သူများက ပရဟိတအသင်းများသို့ ချိတ်ဆက်အကူအညီတောင်းခံသဖြင့် အင်းစိန်မြို့နယ်အခြေစိုက် ပရဟိတအသင်းများမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
ဆရာတော်၏ လက်ရှိအနေအထားအရ အားပြတ်နေသည့်အနေအထားဖြစ်နေပြီး စကားပင်ကောင်းကောင်းမပြောနိုင်သည့်အတွက် သီတင်းသုံးသည့်ကျောင်းနှင့်နေရပ်လိပ်စာအား မေးမြန်း၍ မရသေးကြောင်းသိရသည်။
ကူညီပေးသည့် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက “ဆရာတော်က ဘယ်ကကြွပြီး ဘယ်ကိုခရီးဆက်မယ်ဆိုတာလဲ မေးမြန်းလို့မရသေးဘူး။ ညကတော့ အားယူပြီး စကားပြောပေမယ့် လေသံဟဟဆိုတော့ မသဲကွဲဘူး။ပင်ပန်းနေတာနဲ့ ကျန်းမာရေးကောင်းဖို့ အားပြည့်လာဖို့ပဲ ကျွန်တော်တို့အသင်းအဖွဲ့တွေရော အင်းစိန်ဆေးရုံက ဆရာ၊ ဆရာမတွေကပါ ဂရုစိုက်နေတယ်။ ဆွမ်းဘုန်းနိုင်ဖို့လည်း အသင်းကပဲ တာဝန်ယူ လုပ်ဆောင်ပေးပါတယ်”ဟု MT News သို့ ပြောသည်။
လက်ရှိအချိန်တွင် အင်းစိန်ဆေးရုံကြီး၌ တက်ရောက်ကုသမှု ခံယူနေသည့် အဆိုပါ ဘုန်းဘုန်းအား သိရှိသူများ ဆက်သွယ်နိုင်ရန်အတွက် အကူအညီတောင်းခံထားကြောင်း သိရသည်။