၂၀. ၅. ၂၀၂၃
Written by Ye Kyaw
ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များသို နိုင်ငံ့စီးပွားရေးရန်ပုံငွေ ကျပ်ဘီလျံ ၄၀၀ ထက် ကျော်လွန်ထုတ်ချေးပြီးဖြစ်၍ အများဆုံးထုတ်ချေးရမည့် ပမာဏကျော်လွန် ထုတ်ချေးထားသော ချေးငွေများကို လုံလောက်သော အာမခံရယူရေး၊ အရင်း/အတိုး ပြေကျေစွာပြန်ဆပ်စေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ ၁၉ ရက်တွင် ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်အဝေး၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၄၀၀ ဘီလျံမှ ပထမဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ် ဘီလီယံ ၂၃၀၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များသို့ ငွေကျပ် ၁၀ ဘီလျံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်များသို့ ငွေကျပ် ၈ ဘီလျံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ခြောက်ခုသို့ ငွေကျပ် ၅ ဘီလျံစီဖြင့် စုစုပေါင်း ရန်ပုံငွေကျပ် ဘီလီယံ ၃၃၀ ကို မ,တည်ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဒုတိယအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ လက်ကျန်ငွေကျပ် ဘီလျံ ၇၀ မှ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေ ထူထောင်နိုင်ရေးအတွက် ငွေကျပ်ဘီလျံ ၅၀ နှင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ်ဘီလျံ ၂၀ ခွင့်ပြုခဲ့ပြီး တတိယအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေလက်ကျန်ငွေမှ ငွေကျပ် ၅၂ ဘီလျံကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေသို့ လွှဲပြောင်းရယူ၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများသို့ ငွေကျပ် ၁၀ ဘီလျံစီ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများသို့ ငွေကျပ် ၈ ဘီလီယံစီ ပေးအပ်ခဲ့ပြီးဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဖြန့်ခွဲထုတ်ပေးထားမှုမှာ စုစုပေါင်း ငွေကျပ် ၄၅၂ ဘီလျံအထိရှိလာပြီး သတ်မှတ်ကျပ်ဘီလျံ ၄၀၀ ထက် ကျပ် ၅၂ ဘီလျံ ပို၍ထုတ်ချေးပေးထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် တစ်ဦးချင်းအတွက် အများဆုံးထုတ်ချေးရမည့် ချေးငွေပမာဏထက်ကျော်လွန်၍ ထုတ်ချေးထားသော ချေးငွေများအပေါ် လုံလောက်သော အာမခံရယူထားရေး၊ ချေးငွေသက်တမ်းကာလအတွင်း အရင်း/အတိုး ပုံမှန်ပြန်လည်ပေးဆပ်စေရေးနှင့် ချေးငွေသက်တမ်းမစေ့ရောက်သော်လည်း စတင်ချေးယူခဲ့သည့်ရက်မှစ၍ တစ်နှစ်ပြည့်ပါက အရင်း/အတိုး ပြေကျေစွာ ပြန်လည်ပေးဆပ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ချေးငွေပေးဆပ်ပြီးပါက ချေးငွေပမာဏသတ်မှတ်ချက်အတွင်းမှသာ ထုတ်ချေးသွားရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသခြောက်ခုတို့သို့ သွားရောက်စစ်ဆေးခဲ့ပြီး ကျန်ရှိသည့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့သို့လည်း Virtual Meeting ပြုလုပ်ကာ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။