၂၀. ၅. ၂၀၂၃
Written by Peya
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင် မုတ်သုန်အဝင် ဖြစ်တတ်သည့် မိုးသက်လေပြင်းတိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းကို ဂရုစိုက်ရမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက MT News သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နေရာကွက်ကျား မိုးရွာခြင်းမျိုးရှိမည်ဖြစ်ပြီး ယခု လကုန်ပိုင်းကာလခန့်က စတင်ကာ မုတ်သုန်ကြောင့် ရခိုင်ပြည်နယ်တွင် မိုးများလာနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
“မုတ်သုန်ဝင်တဲ့ အခါမှာ မိုးသက်လေပြင်းကျတာ ရှိတယ်။ အဲ့ဒါသတိထားရမယ်။ မိုးသက်လေပြင်းကျတာ ရှိနိုင်တယ်။ ပြီးတော့ မိုးကြိုးပစ်တာ။ ဒါမျိုးတွေ ဖြစ်နိုင်တယ်။ မုတ်သုန်ဝင်စမှာ အဲ့ဒီလို အနေအထားတွေ ရှိတယ်” ဟု ဦးလှထွန်းက ဆိုသည်။
မုတ်သုန်က မြန်မာနိုင်ငံတောင်ပိုင်းပြီးဝင်ပြီးလျှင် မြစ်ဝကျွန်းပေါ်၊ ထို့နောက် မြန်မာနိုင်ငံအလယ်ပိုင်းကို မုတ်သုန်ဝင်မည်ဖြစ်ရာ ထိုသို့ ဝင်စအချိန်များတွင် မိုးသက်လေပြင်းကျခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
“မုတ်သုန်ဝင်စမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဲ့ဒါကို သတိထားဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။