၂၀. ၅. ၂၀၂၃
Written by Nay Aung
စင်္ကာပူနိုင်ငံသည် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA)၏ ဆုံးဖြတ်ချက် A/RES/75/287 တွင် ပါရှိသည့်အတိုင်း အရပ်သားများအား သေစေလောက်သောအင်အားအသုံးပြုမှုအား ဆန့်ကျင်သည့်မူအတိုင်း ရပ်တည်ပြီး မြန်မာနိုင်ငံအတွင်းသို့ လက်နက်များ စီးဆင်းမှုကိုတားဆီးရန် လုပ်ဆောင်ခဲ့သည့်နိုင်ငံဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
စင်ကာပူအခြေစိုက် အဖွဲ့စည်းများမှတစ်ဆင့် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ တင်ပို့မှုရှိခဲ့သည်ဆိုသော ကုလသမဂ္ဂ၏ လူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် တွန်အန်ဒရူး၏ နောက်ဆုံး ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံထံ စစ်လက်နက်ပစ္စည်းများတင်ပို့မှုနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံအနေဖြင့် ဥပဒေများကိုချိုးဖောက်သော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များကို အရေးယူရန် သည်းခံခွင့်လွှတ်ပေးနေမည်မဟုတ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်သည်။
စင်ကာပူနိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက”စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ တင်ပို့လွှဲပြောင်းခြင်းကို တားမြစ်ထားတယ်။ စင်ကာပူအစိုးရဟာ မြန်မာနိုင်ငံကိုစစ်လက်နက်ပစ္စည်းများ လွှဲပြောင်းတင်ပို့ခြင်းကို ခွင့်မပြုပါဘူး” ဟု ပြောသည်။
ထို့အပြင် စင်ကာပူနိုင်ငံ၏ ဥပဒေများကို ချိုးဖောက်ကျူးလွန်နေသူများ ရှိမရှိဆိုသောအချက်ကို စုံစမ်းစစ်ဆေးရန် သတင်းအချက်အလက်များ ကူညီပေးခဲ့သော ကုလသမဂ္ဂလူအခွင့်ရေးအထူးကိုယ်စားလှယ် တွန်အန်ဒရူး၏ ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးတင်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စင်ကာပူအစိုးရအနေဖြင့် မြန်မာပြည်သူများကို ကူညီထောက်ပံ့ပေးနိုင်ရန် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးများ ပြန်လည်ရရှိစေရန် ကုလသမဂ္ဂအဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောသည်။