MT News
Written by Ye Kyaw
အမျိုးသမီးများဦးဆောင်သော အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေလိုအပ်ချက်နှင့် အခြားသောကဏ္ဍများ၌ပါ ပူးပေါင်းဆောင်ရွက်ရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက် (MYANWEN)နှင့် ဧရာဝတီဘဏ်တို့အကြား နာလည်မှုစာချွန်လွှာ(MoU)ကို မေလ ၁၉ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်ခန်းမ၌ လက်မှတ် ရေးထိုးခဲ့ကြသည်။
အဆိုပါ နားလည်မှုစာချွန်လွှာအရ ကောင်းမွန်သော ရည်ရွယ်ချက်များဖြစ်သည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များ၏ လုပ်ငန်းဘဏ္ဍာရေးလည်ပတ်ငွေများ (AYA Micro Loan) လိုအပ်ပါက AYA Bank နှင့် MYANWEN အသင်းတို့မှ ပူးပေါင်း ဆောင်ရွက်ပေးသွားရန်၊ MSME လုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ်ကုန်များကို MYANWEN မှ ပြုလုပ်သော Made in Myanmar Fair များမှတစ်ဆင့် စျေးကွက်အတွင်းသို့ ဝင်ရောက်နိုင်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် MSME လုပ်ငန်းများကို ပြည်တွင်းဈေးကွက်တွင် သာမက ပြည်ပဈေးကွက်အထိ ချဲ့ထွင်နိုင်ရန်အတွက် စျေးကွက်ရှာဖွေသော အရောင်းပြပွဲများ၊ ကုန်သွယ်မှုပြပွဲများတွင် ပါဝင်ပြသနိုင်ရန်၊ MSME လုပ်ငန်းရှင်များအတွက် အသိပညာနှင့် ကျွမ်းကျင်မှုများ တိုးတက်လာစေရန် ပြုလုပ်သော နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများကဲ့သို့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာလှုပ်ရှားမှုများ၊ စီးပွားရေးနှင့် ပတ်သက်သော ပညာရေးဆိုင်ရာကဏ္ဍများတွင် အတူလက်တွဲဆောင်ရွက်ရန်ဖြစ်သည်။
အဆိုပါ နားလည်မှုစာချွန်လွှာ (MoU) ကို MYANWEN ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစုလှဟန်နှင့် ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်” (Ayeyarwady Bank) ၏ Managing Director ဒေါ်သဇင်အောင်တို့မှ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။