MT News
Written by Nay Moe
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ဆားလင်းကြီးမြို့မရဲစခန်းအတွက် ရိက္ခာသယ်ဆောင်လာသည့်ယာဉ်အား Salingyi G-Z People’s Defence Force က ဖမ်းဆီးစစ်ဆေးကာ ပစ္စတိုတစ်လက်၊ ဆန်အိတ်နှင့် ပေါင်မုန့်ခြောက်များ သိမ်းဆည်းမိကြောင်း အောက်တိုဘာ ၁၅ ရက်တွင် အသိပေးထားသည်။
Salingyi G-Z People’s Defence Force ၏ စစ်ဆေးရေးဂိတ်တွင် ကုန်တင်ဆောင်လာသည့်ယာဥ်၊ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှစ်ဦးတို့အား ယခုလ ၁၁ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပစ္စတိုတစ်လက်၊ ဆန် ၇ အိတ်နှင့် မုန့်ခြောက်များ သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် Salingyi G-Z People’s Defence က အောက်တိုဘာ ၁၁ ရက်တွင် စစ်ဆေးရေးဂိတ်စတင်ဖွင့်ကြောင်းကြေညာပြီး အဆိုပါနေ့တွင်ပင် ဆားလင်းကြီးမြို့မရဲစခန်းအတွက် သယ်ဆောင်လာသည့် ရိက္ခာများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
သို့သော် နယ်မြေလုံခြုံရေးနှင့် စစ်ရေးအရဖမ်းဆီးရမိခဲ့သည့် ဂိတ်စခန်းနေရာကိုမူ ဖော်ပြခြင်းမပြုသကဲ့သို့ ဖမ်းဆီးထားသည့် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှစ်ဦးနှင့် ယာဥ်ကို မည်သို့အရေးယူလိုက်သည်ဆိုသည်ကိုလည်း ဖော်ပြခြင်းမရှိပေ။