
MT News
Written by Naing Thuta
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်ရှိ မဏိရတနာရာမ မြတောင်ကျောင်းတိုက်တွင် မြတောင်ကျောင်းတိုက်၏ အဓိပတိမဟာနာယက ဩဝါဒစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တအင်္ကုရမဟာထေရ်မြတ်၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော် အန္တိမစျာပနာပူဇာသဘင် အခမ်းအနားအား အောက်တိုဘာ ၁၅ ရက် နေ့လည် ၁၂ နာရီမှ ၂ နာရီအထိ ကျင်းပခဲ့ကြောင်း သိရသည်။
ဆရာတော်ဘုရားကြီးသည် နာမကျန်းသက်တော်ကြီး အားနည်းရောဂါဖြင့် မင်္ဂလာဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိခဲ့ရာမှ သက်တော် ၉၀၊ ဝါတော် ၇၀ ဖြင့် အောက်တိုဘာ ၉ ရက်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
အခမ်းအနား အစီအစဉ်တွင် အန္တိမဈာပနသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော် သံဃာတော်များ၊သာသနာအနွယ်ဝင် သီလရှင်များနှင့် ပရိတ်သတ်အပေါင်းတို့မှ “အနိစ္စာ ဝတ သင်္ခါရာ” စသောဂါထာကို ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။
ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဗန်းမော်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ အရှင်ကုမာရထံမှ လူပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး မြတောင်တိုက် အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ပဒေသာရွှေကျောင်း ဆရာတော် ဘဒ္ဒန္တ- ရာဇိန္ဒာဘိဝံသ အရှင်သူမြတ်မှ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားတော်မူခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ပေးပို့ဆက်ကပ်သည့် “သံဝေဂဉာဏ်ပွားတော်မူကြောင်း ” လျှောက်ထားလွှာအား မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် ဘဒ္ဒန္တ ဝါသေဌောဘိဝံသမှ ဖတ်ကြားလျှောက်ထားခဲ့ကြောင်း၊ ထို့နောက်အစီအစဥ်အတိုင်း သာသနာရေးဝန်ကြီးဌာနမှ ဆက်ကပ်ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးမှ ဖတ်ကြားလျှောက်ထားခြင်း၊ မြတောင်တိုက် ရွှေဝါဝင်းကျောင်းဆရာတော်ဦးဉာဏောဒယ အရှင်သူမြတ်မှ ဆရာတော်ဘုရားကြီး၏ ဂုဏကတ္တနသံဝေဂဂါထာများအား ရွတ်ဖတ်ပူဇော်ခြင်း၊ ပင့်သံဃာဆရာတော်ကြီးများထံ သင်္ကန်းစသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒန်းခြင်း၊ မြတောင်ကျောင်းတိုက် ဩဝါဒစရိယအဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် သာယာဝင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသာဂရာဘိဝံသထံမှ သံဝေဂကထာ နာကြား၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းချ အမျှဝေခြင်းများပြုလုပ်ခဲ့ပြီး ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်သည့် ဖောင်တော်မင်္ဂလာအပါအဝင် မော်တော်ယဉ် (၅၀) စီးခန့်ဖြင့် မြတောင်တိုက်မှ ကြာနီကန် အေးရိပ်ငြိမ်သုသာန်သို့ ပို့ဆောင်ခဲ့ကြောင်းကို သာသနာရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။