၁၉. ၅. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံအရှေ့ပိုင်း ချချိုအန်ဆောင်ပြည်နယ် ဘန်ပကုန်ခရိုင်ရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ခုတွင် ဘုန်းတော်ကြီးတစ်ပါးကို ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ကြောင်ဒါဇင်ပေါင်းများစွာကို သ-တ်ဖြတ်ခဲ့မှုနှင့် တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။
တိရိစ္ဆာန်အခွင့်အရေးဆိုင်ရာ ထိုင်းဖောင်ဒေးရှင်း (WDT) မှ ဦးဇင်းတစ်ပါးက တိရိစ္ဆာန်အပေါ် ရက်စက်ကြမ်းကြုတ်မှုအား တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ ဘုန်းကြီးနေထိုင်ရာ ရပ်ကွက်နောက်တွင် မီးရှို့ခံထားရသည့် ကြောင် ၁၈ ကောင်၏ အလောင်းများကို တူးဖော်တွေ့ရှိခဲ့ကာ ဘုန်းကြီးက သူ၏ လုပ်ရပ်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။
အသက် ၂၃ နှစ်အရွယ် Phra Phoonnai Ketkaew (သို့မဟုတ်) Phra Kim ဟု အမည်ရသည့် ဦးဇင်းသည် ဖေ့ဘွတ်ခ်မှ တစ်ဆင့်ဆက်သွယ်ကာ ကြောင်များကိုမွေးမြူရန် Panipa Kongrod ဆိုသူထံမှ တောင်းဆိုခဲ့ဖူးရာ Panipa မှ ကြောင်များကိုခေါ်ကာ ဘုန်းကြီးကျောင်းသို့ သွားပို့ရာတွင် အခြားဘုန်းကြီးများက သူမကို ဘုန်းကြီးအား မယုံကြည်ရန်နှင့် ကြောင်များကို မထားခဲ့ရန် သတိပေးခဲ့ပြီး အဆိုပါဘုန်းကြီးသည် တိရိစ္ဆာန်တွေကို မချစ်တတ်ကြောင်း၊ ယခင်ကလည်း အနည်းဆုံး ကြောင်ငါးကောင်ကို သတ်ပြီး မီးရှို့တာကို မြင်ဖူးကြောင်း ဘုန်းတော်ကြီးများက မိန့်ကြားခဲ့ရာ သူမသည် ထိတ်လန့်ခဲ့ရကြောင်း ပြောခဲ့သည်။
ဒါ့အပြင် ဘုန်းတော်ကြီးများက “လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဘုန်းကြီးဝတ်ပြီးကတည်းက ကြောင်တွေကို Phra Kim က အဆက်မပြတ်မွေးခဲ့ပေမဲ့ ပျောက်ကွယ်သွားခဲ့တယ်” ဟု မိန့်ကြားခဲ့ပြီး အဆိုပါ ဘုန်းကြီးသည် စုစုပေါင်း ကြောင် အကောင် ၈၀ ခန့် မွေးစားခဲ့သည်ဟု ခန့်မှန်းထားကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
WDTမှ တာဝန်ရှိသူများသည် ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ပြီး ကြောင်နှစ်ကောင်ကို ကယ်တင်ခဲ့ကာ ရဲတပ်ဖွဲ့သည် သူနေထိုင်ရာနေရာကို စစ်ဆေးခဲ့ရာတွင် သစ်သားကြမ်းပြင်ပေါ်မှ သွေးစက်များ၊ သွေးစွန်းထင်းနေသော သင်္ကန်းများ၊ ကြောင်လှောင်အိမ်များ၊ ကြောင်အိပ်ရာများနှင့် ကြောင်စာများကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဘုန်းကြီးသည် သင်္ကန်းနှင့်ပတ်ကာ ကြောင်များကို နှိပ်စက်တတ်ပြီး သူ ရိုက်နှက်ကာ သတ်ထားသော ကြောင်များကိုလည်း တက်တူးထိုးအပ်များကို အသုံးပြု၍ အရေပြားများကို ထိုးဖောက်တတ်ကြောင်း ဘုန်းကြီးကျောင်းရှိ အခြားဘုန်းကြီးများ၏ မိန့်ကြားချက်အရ သိရသည်။
အဆိုပါ ဘုန်းကြီး၏ တိရိစ္ဆာန်များအပေါ် ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို သတိမထားမိကြောင်း သက်တော် ၆၄ နှစ်ရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် Phra Kru Pitaktham Sophon က မိန့်ကြားခဲ့ပြီး ဘုန်းကြီး Phra Kim သည် ဘုန်းကြီး ဝတ်ထားသည်မှာ နှစ်နှစ်ရှိပြီဖြစ်ကြောင်းနှင့် သင်္ကန်းစီးထားသည့် ဘုန်းကြီးတစ်ပါးအနေနှင့် လုံးဝမသင့်တော်သည့် လုပ်ရပ်ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော်မှ ထပ်လောင်း မိန့်ကြားခဲ့သည်။
Ref; Thaiger