၁၉. ၅. ၂၀၂၃
Translated by Htwe Ko Tun
ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျူ့ရှိသော မြေငလျင်တစ်ခု ပစိဖိတ်သမုဒ္ဒရာ အစွန်ပိုင်းတွင် မေလ ၁၉ ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့ရာ ဗာနျုတူ ကျွန်းနိုင်ငံ(Vanuatu) ရေပိုင်နက်အတွင်း ဆူနာမီအသေးစား ရေလှိုင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပစိဖိတ်ဒေသ ဆူနာမီသတိပေးဗဟိုစခန်းက ငလျင်ကြောင့် ဖြစ်ပေါ်လာသောရေလှိုင်းများသည် ဗာနျုတူ ကျွန်းနိုင်ငံ၏ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော လီနာကယ်လ်(Lenakel) ကမ်းခြေတွင် သုည ဒသမ ၅ မီတာ(၁ ဒသမ ၅ ပေ) အောက်တွင်သာရှိကြောင်း၊ အခြားသော ဗာနျူတူ နိုင်ငံကမ်းခြေဒေသများနှင့် နယူးကာလီဒိုနီးယားကျွန်း(New Caledonia) များတွင်လည်း ရေလှိုင်းများက များစွာမြင့်မားခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့အတူ အနီးပတ်ဝန်းကျင်ရှိ ဖီဂျီ၊ ကီရီဘာတီ၊ ပါပူးအားနယူဂီနီ၊ ဂူအမ်နှင့် အခြားသောပစိဖိတ်ကျွန်းများတွင်လည်း ရေလှိုင်းအငယ်များသာဖြစ်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
နယူးဇီလန်နိုင်ငံ၏ အမျိုးသားအရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအေဂျင်စီကလည်း ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီဖြစ်ပေါ်လာနိုင်ခြင်းရှိမရှိ လေ့လာသုံးသပ်နေသည်ဟု ဆိုသည်။ အမေရိကန်ဘူမိဗေဒ လေ့လာရေးဌာနကလည်း ငလျင်က နယူးကာလီဒိုနီးယားကျွန်းအနီး Loyalty islands ကျွန်းများကို ဗဟိုပြု၍ အနက် ၃၇ ကီလိုမီတာ(၂၃ မိုင်)တွင် လှုပ်ခတ်ခဲ့ခြင်းဟု ကြေညာခဲ့သည်။
အဆိုပါနယ်မြေက ကမ္ဘာပေါ်တွင် ငလျင်များအများဆုံးလှုပ်ခတ်ခဲ့ရာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ Ring of Fire ခေါ် ငလျင်ပြတ်ရွေ့ကြောင်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။
Ref——AP