October 23, 2024

၁၉. ၅. ၂၀၂၃
Written by Min Mahar

ချမ်းမြသာစည်မြို့နယ်ရှိ ရာအိမ်မှူးတစ်ဦး၏နေအိမ် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး မိခင်ဖြစ်သူသေဆုံးကာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ပါ ဒဏ်ရာရရှိမှု ယနေ့ မေလ ၁၉ ရက် မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အကွက်(၁၂)/၅၅၊ ၅၂(A)လမ်း၊ ၁၀၃(A)လမ်းနှင့် ၁၀၄လမ်းကြားတွင် နေထိုင်သော ရာအိမ်မှူး၏ နေအိမ်အား မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က တောင်ဘက်မှ မြောက်ဘက်သို့ CZl အနက်ရောင်ဆိုင်ကယ်ဖြင့် အမည်မသိအမျိုးသားလူငယ် ၂ ဦး ရောက်ရှိလာပြီး လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားပြီး နေအိမ်ရှေ့၌ ထိုင်နေကြသော ရာအိမ်မှူး၏ မိခင်နှင့်အတူ ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ပါ ဒဏ်ရာများအသီးသီးရရှိခဲ့ကြာင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၆၇ နှစ်အရွယ် ရာအိမ်မှူး၏ မိခင်ဖြစ်သူသည် ယာ‌ဘက်ခြေမျက်စိ ၁ ချက်၊ ယာဘက်ခြေသလုံး ၂ ချက်၊ နဖူး ၁ ချက်၊ ဝဲဘက်ရင်ဘတ်ကို ၁ ချက်၊ နောက်စေ့ကိုလည်း ၁ ချက်(စိုးရိမ်ရ)၊ အသက် ၃၇ နှစ်ခန့်ရှိသောအမျိုးသမီးသည် ယာဘက်ရင်အုံကို ၁ ချက်၊ နဖူးကို ၁ ချက်(မစိုးရိမ်ရ)နှင့် အသက် ၃၈ နှစ်အရွယ်ခန့်ရှိသည့်အမျိုးသားမှာမူ ဝဲဘက်ခြေမျက်စိ ၁ ချက်၊ ဝဲဘက်လက်သန်းကို ၁ ချက်၊ ယာဘက်ဂျိုင်းအောက်အား ၁ ချက်(မစိုးရိမ်ရ)တို့ ဒဏ်ရာရရှိခဲ့သဖြင့် အောင်ပင်လယ် Rescue လူမှုကူညီရေးယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံကြီးသို့အရောက်တွင် ရာအိမ်မှူး၏ မိခင်ဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူများကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် လိုက်လံ စုံစမ်းရှာဖွေနေကြသည့်အပြင် အောင်ပင်လယ်နယ်မြေရဲစခန်းတွင်လည်း အမှုဖွင့်ထားကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *