October 23, 2024

MT News

Written by Nay Moe

တောင်ငူအကျဥ်းထောင်တွင် မေလ ၁၈ ရက် မွန်းလွဲပိုင်းက အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းမိထားသူများကို ထောင်တွင်းတရားရုံး၌ ရုံးထုတ်စဥ် အကျဥ်းသားများက လက်နက်များလု၍ ပစ်ခတ်သဖြင့် လခရအချို့သေဆုံးပြီး အကျဥ်းသား ၁၀ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအကျဥ်းထောင် အထူးတရားရုံး၌ မေလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ယင်းတရားရုံးသို့ ရုံးထုတ်လာသော အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူ အကျဉ်းသား ၁၀ ဦးက တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သည့် ဒုရဲအုပ်နှင့် ရဲတပ်သားထံမှ ခြောက်လုံးပြူးနှင့် G3 သေနတ်လုကာ ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“အကျဥ်းသားတချို့ကတော့ ခြေကျင်းတွေနဲ့ပါ။ လက်ရှိမှာတော့ ပြန်ဖမ်းမိတာမရှိသေးဘူး။ ပိတ်ဆို့ဖမ်းဆီးနေဆဲပါ” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် တပ်ကြပ်မောင်မျိုးမှာ ကျဆုံးခဲ့ပြီး စစ်မှုထမ်းဟောင်းဖြစ်သည့် တပ်ကြပ်ကြီး ကျော်မြင့်မှာ ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ကာဘိုင် ၁ လက်နှင့် MA 11 ၁ လက်တို့ပါ ထပ်မံဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

ဖြစ်စဥ်အတွင်း ပါဝင်ခဲ့သူတရားခံ (၁၀) ဦးအနက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြစ်သော ၄၉ (က)/ ၅၀ (က)/ ၅၀ (ည)/ ၅၁ (ဂ)/ ၅၂ (က) အမှုမှ တရားခံများနှင့် အခြားတရားခံများဖြစ်သည့် သန့်ဇင်၊ အောင်ကျော်ဦးနှင့် ဗေဒါ (ခ) ဘုန်းညွန့်ဇော်၊ ချစ်မင်းသူ၊ ဇင်ကိုကိုအောင်၊ သီဟအောင်၊ ငြိမ်းချမ်းအောင်၊ တိုးနိုင်ထွန်း၊ စည်သူသန်းအေး၊ ခင်မျိုးကြည်တို့ ၁၀ ဦးမှာ လွတ်မြောက်သွားခဲ့ပြီး ထိုတရားခံများအား ပြန်လည်ဖမ်းမိရေး ပိတ်ဆို့စစ်ဆေးနေသော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖမ်းဆီးရမိမှုမရှိသေးကြောင်းလည်း သိရသည်။

MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဥ်နှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များ ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *