October 23, 2024

MT News

ဆိုင်ကလုန်းမိုခါကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်အရာရှိကြီးများကို တာဝန်ပေးအပ်လိုက်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေလ ၁၈ ရက်ညတွင် ကြေညာလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်း ကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တပ်မတော်အရာရှိကြီးတစ်ဦးစီအား မြို့နယ်အလိုက် တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

အဆိုပါ တာဝန်ပေးအပ်ခံရသည့် တပ်မတော်အရာရှိကြီးများမှာ ချင်းပြည်နယ် ဟားခါးမြို့နယ်အား ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ မတူပီမြို့နယ်အား ဗိုလ်မှူးချုပ် ခင်မောင်အေး၊ ပလက်ဝမြို့နယ်အား ဗိုလ်မှူးချုပ် နေဝင်းအောင်နှင့် တီးတိန်မြို့နယ်ကို၊ ဗိုလ်မှူးချုပ် ဝင်းကိုကိုအား တာဝန်ပေးလိုက်ကြောင်း သိရသည်။

ထို့အတူ ရခိုင်ပြည်နယ်တွင် ဒုတိယဗိုလ်ချုပ်ကြီး လူအေးအား ကျောက်ဖြူမြို့နယ်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းအား ဘူးသီးတောင်မြို့နယ်၊ ဗိုလ်ချုပ် သောင်းထိုက်ရွှေအား မြောက်ဦးမြို့နယ်၊ ဗိုလ်ချုပ် စိုးနိုင်ဦးအား သံတွဲမြို့နယ်၊ ဗိုလ်ချုပ် အောင်မျိုးထွန်းအား ရသေ့တောင်မြို့နယ်၊ ဗိုလ်မှူးချုပ် အောင်ကျော်မိုးအား စစ်တွေမြို့နယ်၊ ဗိုလ်မှူးချုပ် အောင်သူဦးအား ကျောက်တော်မြို့နယ်၊ ဗိုလ်မှူးချုပ် ဆန်နီအုန်းအား ပေါက်တောမြို့နယ်၊ ဗိုလ်မှူးချုပ် ကျော်ကျော်ဦးအား မာန်အောင်မြို့နယ်၊ ဗိုလ်မှူးချုပ် ဇော်မင်းအေးအား ရမ်းဗြဲမြို့နယ်၊

ဗိုလ်မှူးချုပ် ဝင်းမောင်အား ပုဏ္ဏားကျွန်းမြို့နယ်၊ ဗိုလ်မှူးချုပ် ခင်ဇော်အား မင်းပြားမြို့နယ်၊ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးအား မြေပုံမြို့နယ်နှင့် ဗိုလ်မှူးချုပ် တင်ဆွေအား မောင်တောမြို့နယ်တို့ကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အထက်ဖော်ပြပါ အရာရှိကြီးများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို အနီးကပ်ကြီးကြပ်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့အား တာဝန်ပေးအပ်လိုက်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *