October 22, 2024

MT News

Written By Thandar

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသတွေက ပြည်သူတွေကို ကူညီမှုတွေ လုပ်ဆောင်ပေးဖို့ မေ ၁၈ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတွေနဲ့ အနုပညာရှင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

“မုန်တိုင်းစဖြစ်ကတည်းက အနုပညာရှင်တွေ သွားရောက်အားပေးစကားလည်း ပြောတယ်။ လှူဒါန်းတာက လှူဒါန်းမှုက တစ်ပိုင်းပေါ့။ ကျွန်တော် အစည်းအရုံးအနေနဲ့ အလှူငွေတွေလည်း လှူခဲ့ပါတယ်။ အစည်းအရုံးအနေနဲ့ သိပ်ချမ်းသာလှတယ်တော့ မဟုတ်ပါဘူး။ ရုပ်ရှင်ကြည့် ပရိသတ်ဆိုတာကလည်း ပြည်သူတွေပဲ ဖြစ်တဲ့အတွက် သူတို့ကို ဘယ်လိုကျေးဇူးဆပ်နိုင်မလဲ ဆိုတာကို စဉ်းစားပြီး သူတို့အတွက် ကူညီပေးနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ကို ခံစားခဲ့ရတဲ့ ပြည်သူတွေကို ဘယ်လိုကူညီကြမလဲဆိုတာကို စီစဉ်နေပါတယ်။ အစည်းအဝေး လုပ်နေပါတယ်။ ရန်ပုံငွေရှာဖို့ ပဒေသာကပွဲလုပ်ရင် ကောင်းမလား ဆိုတာမျိုး။ ဒါကလည်းအကုန်အကျ အရမ်းများပြီး သူတို့ကို မထောက်ပံ့ပေးနိုင်မှာလည်း စိုးရိမ်တယ်။ အခုကတော့ ဆွေးနွေးနေတုန်းပါ။ တကယ်တမ်းတော့ လှူဒါန်းတဲ့နေရာမှာ တော်တော်များများ ပါဝင်လာစေချင်တယ်။ တစ်ဖွဲ့တည်း တစ်ဦးတည်း လုပ်တာထက် အဖွဲ့များများ ပါဝင်စေချင်တယ်။ ရှေ့အပတ်လောက်ဆိုရင်တော့ ဘယ်လိုကူညီပေးနိုင်မလဲ ဆိုတာကို သေသေချာချာ ပြောနိုင်ပါပြီ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက MT News ကို ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့လည်း မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် နိုင်ငံတော်အကြီးအကဲလာရောက်စဥ်အချိန်မှာ အလှူငွေ ကျပ်သိန်း ၃၀၀ နဲ့ တိုင်းဒေသကြီး အစိုးအရအဖွဲ့ကိုလည်း အလှူငွေ ကျပ်သိန်း ၁၀၀ လှူဒါန်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

မေ ၁၇ ရက်ကလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေနဲ့ အနုပညာရှင်တွေက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆီ သွားရောက်ပြီး ပြည်သူတွေကို တွေ့ဆုံအားပေးမှုတွေလည်းကို လုပ်ဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။

မိုခါမုန်တိုင်းသင့်ပြည်သူတွေကို လှူဒါန်းမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အားလုံး ပူးပေါင်းဆောင်ရွက်စေလိုပြီး လှုဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့လည်း အလှူငွေ ၊ အဝတ်အစားတွေနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လာရောက်လှူဒါန်းနိုင်တယ်လို့ဆိုပါတယ်။ အလှူရှင်တွေက လှူဒါန်းလာတဲ့ အဝတ်အစား၊ အလှူငွေနဲ့ အသုံးအဆောင်တွေကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး လိုအပ်နေတဲ့ ဒေသတွေကို သွားရောက်ကာ ပြန်လည်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *