October 22, 2024

◾️ မိုခါကြောင့် ဘင်္ဂါလီ ၄၀၀ သေဆုံးဟု သတင်းမှားထုတ်လွှင့်နေသော မီဒီယာအချို့ အရေးယူမည်

၁၉. ၅. ၂၀၂၃
Written by Nay Moe

မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် စစ်တွေမြို့ IDP Camp များတွင် နေထိုင်သော ဘင်္ဂါလီလူမျိုး ၄ဝဝ ဦး သေဆုံးသည်ဟု လူမှုကွန်ရက်သတင်းများတွင် ဖော်ပြနေသည်များ မှားယွင်းနေပြီး ဘင်္ဂါလီ ၁၁၇ ဦးသာ သေဆုံးခဲ့သည်ဟု သိရပြီး မိုခါကြောင့် စုစုပေါင်းသေဆုံးမှု ၁၄၅ ဦးတွင် ဘင်္ဂါလီ ၁၁၇ ဦးပါဝင်ခဲ့သည့်အနက် ထိုသူများမှာလည်း ရွှေ့ပြောင်းမှု လက်မခံ၍ သေဆုံးရခြင်းဖြစ်ကြောင်း SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့မှ မေ ၁၉ ရက်တွင် ရှင်းလင်းချက်ထုတ်ပြန်သည်။

မိုခါ(MOCHA) မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ IDP Camp များတွင် နေထိုင်သော ဘင်္ဂါလီလူမျိုး ၄၀၀ ဦး သေဆုံးသည်ဟု လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဖော်ပြနေကြောင်း တွေ့ရှိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ရခိုင်ပြည်နယ်(၁၇)မြို့နယ်သို့ IDP Camp များအပါအဝင် လေဘေး၊ ရေဘေးအန္တရာယ်မှ ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ ဦးဆောင်၍ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေးအဆင့်ထိ ရွှေ့ပြောင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ရွှေ့ပြောင်းရာတွင်လည်း စနစ်တကျ ဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်များအား ရွှေ့ပြောင်းပြီးမှသာလျှင် ကျန်းမာသန်စွမ်းသူများအား အသုတ်လိုက် ရွှေ့ပြောင်းပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် စစ်တွေမြို့အပါအဝင် IDP Camp ၁၇ ခုရှိ ခိုလှုံဘင်္ဂါလီလူဦးရေ ၁၂၅၇၈၉ ဦးအနက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်လိုအပ်သည့် ၆၃၃၀၂ ဦးခန့်အား ဘေးလွတ်ရာအဆောက်အဦများနှင့် ဆိုင်ကလုန်း Shelter များသို့ ရွှေ့ပြောင်းနိုင်ခဲ့သည်။

ဆိုင်ကလုန်း မိုခါဝင်ရောက်ပြီးနောက် မေလ ၁၇ ရက်အထိ မြေပြင်ကောက်ခံရရှိသည့် စာရင်းများအရ တပ်မတော်သား ၄ ဦး၊ ဒေသခံတိုင်းရင်းသား ၁၈ ဦးနှင့် ဘင်္ဂါလီ ၂၆ ဦး၊ စုစုပေါင်း ၄၈ ဦး သေဆုံးကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။ မေလ ၁၈ ရက်နေ့ ထပ်မံရရှိသတင်းအရ ဒေသခံ ၆ ဦးနှင့် ဘင်္ဂါလီ ၉၁ ဦး၊ ပေါင်း ၉၇ ဦး ထပ်မံသေဆုံးကြောင်း သတင်းရရှိခဲ့သည်။ ရရှိသတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပြီး ယခုသေဆုံးသူများသည် တာဝန်ရှိသူများမှ ပြောင်းရွှေ့ပေးမှုအပေါ်  လိုက်ပါခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့် နေအိမ်များ၌ကျန်ရှိခဲ့သူများသာ ဖြစ်သည်။

သို့ဖြစ်၍ လူမှုကွန်ရက်များတွင် ဖော်ပြနေသည့် ဘင်္ဂါလီလူမျိုး သေဆုံးသူဦးရေ ၄၀၀ ကျော် ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်းနှင့် မမှန်သတင်းများထုတ်လွှင့်ကာ ပြည်သူကို အထိတ်တလန့်ဖြစ်အောင် ထုတ်လွှင့်နေသည့် မီဒီယာစာမျက်နှာအချိုအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *