October 22, 2024

MT News

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာ စုစုပေါင်း ၂၅ တန်ခန့်အား အိန္ဒိယရေတပ်မှ စစ်ရေယာဉ် ၃ စီးနှင့် မေလ ၁၈ ရက်တွင် လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းဒေသသို့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ မုန်တိုင်းဒဏ် သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS-Shivalik၊ INS-Kamorta နှင့် INS-Savitri တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာသည်။

ယနေ့ရောက်ရှိလာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်များတွင် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ဖြစ်ကြသည့် အသင့်စားခေါက်ဆွဲ၊ အာဟာရပြည့်ဘီစကစ်၊ ငါးသေတ္တာဘူး၊ ရွက်ဖျင်တဲ၊ တာပေါ်လင်စ၊ စောင်၊ လက်နှိပ်ဓာတ်မီး၊ ဆိုလာမီးအိမ်၊ လူနာသုံးတွန်းလှည်း (Wheel Chair)၊ ချိုင်းထောက်၊ ရွှေ့ပြောင်းနိုင်သောမီးစက်၊ ရေစုပ်စက်၊ သစ်ဖျက်လွှ (Chain Saw)၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်းများ (ရေ၊ မီး၊ မိလ္လာ)နှင့် ဆေးဝါးများစသည်တို့ပါဝင်ပြီး စုစုပေါင်းတန်ချိန် ၂၅ တန်ခန့်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယစစ်ရေယာဉ်များဖြင့် ရောက်ရှိလာသော ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် သီလဝါဆိပ်ကမ်း MITT တံတားမှ မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ခဲ့ကာ ၎င်းမှတစ်ဆင့် ညနေပိုင်းတွင် တပ်မတော်(လေ)မှလေယာဉ်ဖြင့် စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ပြီး မုန်တိုင်းသင့်ပြည်သူများထံသို့ အမြန်ဆုံးဆက်လက်ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *