
MT News
Written by Naing Thuta
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၊ အမျိုးသားတီဗီရောဂါတိုက်ဖျက်ရေးဆေးရုံရှေ့ ရေမြောင်းဘောင်နံဘေးတွင် ပုပ်ပွသေဆုံးနေသည့် အလောင်းတစ်လောင်းအား အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီခန့်က တွေ့ရှိခဲ့ကြောင်း အမျိုးသားတီဗီရောဂါတိုက်ဖျက်ရေးဆေးရုံမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
” မနက်ကိုးနာရီထိုးကာနီးလောက်က ပုပ်ဆော်နံလာလို့ လိုက်ရှာရင်းက ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတစ်လောင်းကို တွေ့ပြီး သက်ဆိုင်ရာကိုအကြောင်းကြားလိုက်တယ်။ အဲဒီအလောင်းက ဘယ်သူဘယ်ဝါဆိုတာရယ်၊ ဘာကြောင့်သေနေတယ်ဆိုတာတော့ မသိဘူး။ ရဲတွေကတော့ ပြင်ပဒဏ်ရာတစ်ခုမှ မတွေ့ရဘူးလို့ ပြောတာပဲ ” ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။
၎င်းအလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်စစ်ဆေးသွားပြီး “ထာဝရ” လူမူကယ်ဆယ်ရေးယာဥ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ၎င်းအလောင်းကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းကို သက်ဆိုင်ရာက စစ်ဆေးခဲ့ရာ တက္ကစီ မောင်းနေသည့်သူတစ်ဦးဖြစ်နေပြီး ကားဌားသည့်သူများမှ သတ်သွားကာ အလောင်းကိုစွန့်ပစ်သွားခဲ့ကြောင်း သိရသည်။
ယခုတလော မန္တလေးတွင် သေမှုသေခင်းများ၊ လုယက်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်းကို ဒေသခံများပြောပြချက်အရ သိရသည်။