October 22, 2024

၁၉. ၅. ၂၀၂၃
Written by Min Mahar

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ဥပုသ်တော်ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် ယမန်နေ့ညဦးပိုင်းက ပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက် (၂၁)၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား ၉ လမ်းပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ယမန်နေ့ မေလ ၁၈ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က အရှေ့မှအနောက်သို့ စူပါကပ်ဆိုင်ကယ်ဖြင့် မောင်းနှင်လာသော အမည်မသိလူငယ် ၂ ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ကာ ၉ လမ်းအတိုင်း အနောက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“အုံးဆိုပြီး အသံက အကျယ်ကြီးပဲကြားလိုက်တာ မြေကြီးတွေတောင်တုန်သွားတယ်။ အသံက တော်တော့်ကိုကျယ်တာ။ ည ၇ နာရီထိုးပြီးလောက်ကတည်းက မိုးတွေကအရမ်းရွာနေပြီး မီးတွေကလည်းပျက်နေတာ။ မိုးရွာပြီးတော့ ၅ မိနစ်လောက်အကြာမှာ ရပ်ကွက်ရုံးကိုဗုံးနဲ့ အပေါက်ခံရတာပဲ။ ဗုံးပေါက်ပြီးမကြာဘူး စစ်သားတွေနဲ့ ရဲတွေရောက်လာပြီးတော့ ၇၃ လမ်းပေါ်နဲ့ ၉ လမ်းပေါ် သွားလာတဲ့သူတွေကို စစ်ဆေးမေးမြန်းမှု လုပ်သွားတယ်။ လူနဲ့အဆောက်အဦတော့ မထိခိုက်သွားဘူး။ ရပ်ကွက်ရုံးရှေ့က ပန်းတွေစိုက်ထားတဲ့နေရာကို ပစ်ပေါက်ခံရပြီး အုတ်တံတိုင်းအောက်ခြေပဲ အနည်းငယ်ပျက်စီးသွားတာလို့ကြားတယ်”ဟု ရပ်ကွက်ရုံးအနီးနေထိုင်သူဒေသခံတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ရပ်ကွက်ရုံး ခြံစည်းရိုးအောက်ခြေ အနည်းငယ်ပျက်စီးသွားကာ လူထိခိုက်မှုမရှိဟု သိရပြီး ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကာ ဗုံးဖြင့်ပစ်ပေါက်သွားသူ လူငယ် ၂ ဦးအား ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *