October 22, 2024

၁၉. ၅. ၂၀၂၃
Written by Nay Moe

ကျောင်းဆက်မတက်မှုများကို လေ့လာကြည့်ပါက ဆင်းရဲမွဲတေမှုကြောင့် အများစုဖြစ်နေပြီး ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးကို အဟန့်အတားဖြစ်စေသည့် အကြောင်းရင်းများကို ပညာရေး ညီလာခံကြီးတွင် အဖြေရှာပြီး ဖြေရှင်းပေးရန် မေလ ၁၈ ရက်မှ မေလ ၂၀ ရက်အထိ နေပြည်တော်တွင် လက်ရှိကျင်းပနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ဖွင့်ပွဲအမှာစကားတွင် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ၁၉၉၉ ခုနှစ် မှ ၂၀၁၄ ခုနှစ်အတွင်း ကျောင်းနေသူ ၁၉ ဒသမ ၄၄ သန်းတွင် ပဉ္စမတန်းတက်ရောက်သူ ၁၁ ဒသမ ၃၇ သန်း (၅၇ ဒသမ ၂၉ ရာခိုင်နှုန်း)ရှိပြီး အလယ်တန်းအဆင့် ၈ တန်းသို့ တက်ရောက်သူ ၇ ဒသမ ၇၈ သန်း (၄၀ ဒသမ ၂၆ ရာခိုင်နှုန်း) သာရှိသည်။ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၅ နှစ် အထက်လူဦးရေ ၄၆ ဒသမ ၄၆ သန်းတွင် သက်မွေးပညာပြီးသူ ၂ ဒသမ ၉ သိန်း၊ ဘွဲ့ရသူ ၃ သန်းသာ ရှိသည်ကိုတွေ့ရပြီး တန်းစဉ်ကူးပြောင်းမှု လျော့နည်းမှုမှာ များပြားနေသည်ကို မိမိ ၂၀၀၄ ခုနှစ် ရခိုင် ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် ကတည်းက စတင်သတိပြုမိခဲ့သည်။ ရှမ်းပြည်နယ်တာဝန်ယူချိန်တွင်လည်း ယခုကဲ့သို့ စိစစ်တွေ့ရှိရသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် ပညာရေးဝန်ကြီးဌာနကို တာဝန်ပေးစိစစ်စေသည့်အခါ အထက်က အခြေအနေများကို တွေ့ရခြင်းဖြစ်သည့်အပြင် ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက် လူဦးရေ၊ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်းအနက် တစ်ဝက်ခန့်သာ အလယ်တန်းအဆင့် ပညာတတ်မြောက်မှုသာ ရှိနေပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကာ ယင်း အနက် အသက် ၁၅ နှစ်အထက် ၄၅ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေး အသက်မွေးဝမ်းကျောင်း၊ ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ပါနေ၍ ၎င်းတို့သည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံကောင်းများရှိရန် မဖြစ်မနေ လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အလယ်တန်းနှင့် အထက်တန်းပြီးမြောက်သူများ တက်ရောက်ကြသည့် နည်းပညာနှင့် သက်မွေးပညာသင်တန်းကျောင်းနှင့် ဒီပလိုမာတန်း ပြီးမြောက်သူသည်လည်း တစ်နိုင်ငံလုံးတွင် သုံးသိန်းခန့်သာ ရှိသည့်အတွက် အလယ်တန်းဆင့် ပြီးမြောက်သူများကို စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေး ပညာသင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေးကြရမည် ဖြစ်သည့်အပြင် ထို ၃ သိန်းဆိုသည့် ပမာဏသည်လည်း ၁၅ နှစ်အထက် လူဦးရေ၏ ၁ ရာခိုင်နှုန်းကျော်သာ ရှိသည် ကိုတွေ့ရှိရသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအစီရင်ခံစာတွင် ကျောင်းသား အများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြကြောင်းနှင့် အသက် ၁၂ နှစ်မှစပြီး ကျောင်းတက်နှုန်း စတင်ကျဆင်းလာကာ အသက် ၁၄ နှစ်နောက်ပိုင်း အလယ်တန်းပြီးမြောက်ချိန်တွင် သိသိသာသာ ကျဆင်းလာသည်ကို ဖော်ပြထားသည်။ ကျောင်းဆက်မတက်သူ ၁၀ ဦးကို မေးမြန်းလေ့လာရာတွင် ၃ ဦးသည် မိသားစုကို ကူညီနေရ၍ဟု ဖြေဆိုပြီး ၂ ဦးမှာ ကျောင်းဆက်တက်ရန် ငွေကြေးမတတ်နိုင်သောကြောင့်ဟု ဖြေဆိုသည်ကိုသိရသည်။ အသက် ၃ နှစ်မှ ၅၀ နှစ်အတွင်း လူဦးရေ၏ ကျောင်းဆက်မတက်ရခြင်း အဓိကအကြောင်းအရင်းမှာ မကျန်းမာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ ကျောင်းထားရန် ငွေမတတ်နိုင်သည်မှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ်ကူရသည်မှာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကူရသည်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စာမေးပွဲကျခြင်း၊ စာမလိုက်နိုင်ခြင်းနှင့် စိတ်ဝင်စားစရာ မကောင်းသည်မှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကျောင်းကဝေးလွန်းသည်က ၄ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေသည်ကို တွေ့ရပြီး အဆိုပါအချက်အများအရ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်သည်မှာ အများစု ဖြစ်နေသည်။ ထို့ကြောင့် ကျောင်းတက်သူ ဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးကို အဟန့် အတားဖြစ်စေသည့် အကြောင်းရင်းများကို ယခုကျင်းပသည့် ပညာရေး ညီလာခံကြီးတွင် အဖြေရှာပြီး ဖြေရှင်းပေးကြရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *