October 22, 2024

၁၉. ၅. ၂၀၂၃
Written by Nay Aung

နိုင်ငံတကာအသိုက်အဝန်းများအနေဖြင့် မြန်မာ့နိုင်ငံရေး အခြေနေနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာအဖြေရယူနိုင်ရန် ကြိုးပမ်းမှုမရှိဘဲ ဖိအားပေးခြိမ်းခြောက်ခြင်း မလုပ်ဆောင်သင့်ကြောင်း အာဆီယံအဖွဲ့ဆိုင်ရာ ရုရှားသံအမတ်ကြီး Evgeny Zagaynov က ထုတ်ဖော်ပြောဆိုလိုက်သည်။

ရုရှားနိုင်ငံသည် နစကနှင့် နီးကပ်သော ဆက်ဆံရေးရှိနေသည့် နိုင်ငံဖြစ်ပြီး နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီး နှစ်ကြိမ်သွားရောက်ခဲ့ဖူးကြောင်း သိရသည်။

အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီးက “လက်ရှိအချိန်မှာ ကျွန်တော်တို့ ရုရှားနိုင်ငံဟာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့အပြင် အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ကြိုးပမ်းမှုတွေကို အနီးကပ် ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ နစက အကြီးအကဲနဲ့ အာဆီယံ ခေါင်းဆောင်များကြား ရရှိထားတဲ့ အာဆီယံသဘောတူညီချက်ငါးချက်ဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အဖြေရှာနိုင်ဖို့ ကောင်းမွန်တဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်” အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အာဆီယံသဘောတူညီချက်ငါးချက်က မြန်မာ့နိုင်ငံရေးအကျပ်တည်းကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ရန် အကူညီပေးနိုင်မည်ဖြစ်ကြောင်း ရုရှားသံအမတ်ကြီးက ” ကျွန်တော်တို့အမြင်တော့ အာဆီယံသဘောတူညီချက်ငါးချက်ကနေ တစ်ဆင့် ကြိုးပမ်းမှုတွေဟာ အသီးအပွင့်တွေ ရရှိမယ်လို့ မျှော်လင့်ထားတယ် ” ဟု ပြောသည်။

ထို့အတူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို တွန်းအားပေးရန် စွန့်လွှတ်မည်မဟုတ်ကြောင်း ပြောသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက “အာဆီယံသဘာတူညီချက်ငါးချက်ဟာ တိုးတက်မှုမရှိဘူးလို့ လူအများကပြောကြတယ်။ ဒါပေမယ့် အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ဖို့လုပ်ငန်းစဉ်များ တိုးတက်မှုမရှိပေမယ့် အာဆီယံရဲ့ကြိုးပမ်းမှုတွေကို စွန့်လွှတ်မှာမဟုတ်ဘူး ” ဟု ပြောသည်။

အာဆီယံအဖွဲ့ကိုတည်ထောင်ခဲ့ပြီးနောက်ပိုင်းကတည်းက အာဆီယံအဖွဲ့သည် ပဋိဉာဏ် စာတမ်းပါအချက်များကို လေးစားလိုက်နာရန်အတွက် ချည်နှောင်ထားကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေး အခက်အခဲများကိုဖြေရှင်းနိုင်ရန် မြန်မာ့နိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့အစည်းအားလုံးနှင့် စေ့စပ်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု ပြောဆိုထားသည်။

Ref——–medcom

Leave a Reply

Your email address will not be published. Required fields are marked *